
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နဲ့ တွေ့ဆုံပြီး မြန်မာပြည်တွင်းက တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့ ပြောကြားလိုက်တဲ့အကြောင်း တရုတ်ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
ဩဂုတ် ၁၄ ရက်က စစ်ကောင်စီခန့်ဝန်ကြီးက ၁၀ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ဖို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အန်းနင်မြို့ကို ရောက်ရှိနေချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုတဲ့အချက်တွေထဲမှာ မြန်မာနိုင်ငံတွင်းက တရုတ်ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေ ဘေးကင်းစေဖို့၊ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို နှိမ်နင်းဖို့နဲ့ နှစ်နိုင်ငံ နယ်စပ်တ လျှောက် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းပေးနိုင်ဖို့ စတာတွေပါဝင်ပြီး မြန်မာဘက်က လုပ်ဆောင်ပေးဖို့ အခိုင်အမာ မျှော်လင့်ကြောင်းလည်း ဖော်ပြထားတာပါ။
စစ်ကောင်စီခန့် ဝန်ကြီး ဦးသန်းဆွေကလည်း မြန်မာနိုင်ငံဟာ တရုတ်တနိုင်ငံတည်း မူဝါဒကို အခိုင်အမာလိုက်နာပြီး တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ အစပျိုးမှု ၃ ရပ်ကို ပံ့ပိုးပေးကာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ် အပြီး ပြန်လည်တည်ဆောက်ရေးတို့မှာ အဖိုးတန်တဲ့ ပံ့ပိုးကူညီမှုတွေ ပံ့ပိုးပေးတဲ့အပေါ် ကျေး ဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ရွေးကောက်ပွဲ ကျင်းပမယ့်ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွေကို တရုတ်က ထောက်ခံအားပေးကြောင်း ဝါဒဖြန့် ဖော်ပြထားတာကို တွေ့ရပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ် သတင်းမှာ ဖော်ပြထားတာကို မတွေ့ရပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြောင်းတွေ အသိပေးပြောကြားရင်းနဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ တရုတ်အဖွဲ့ကို ဖိတ်ကြားလိုကြောင်း ဦးသန်းဆွေက ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးမူဝါဒတရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပြီး အဆိုပါ မူဝါဒတွေထဲမှာတော့ မြန်မာပြည်မှာရှိနေတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးမယ် ဆိုတဲ့အချက်၊ တရုတ် တနိုင်ငံတည်းမူဝါဒကို ဆက်လက် လက်ခံကျင့်သုံးမယ် ဆိုတဲ့အချက်တွေအပါဝင် စုစုပေါင်း အချက် ၁၀ ချက် ပါဝင်ပါတယ်။