Home
မြန်မာသတင်း
အာဏာရှိသေးကြောင်းပြသသည့်အနေဖြင့် စစ်ကောင်စီဝန်ကြီးများ ရခိုင်မြို့တော်သို့ လာရောက် 
DVB
·
December 20, 2024

ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေမြို့ကို စစ်ကောင်စီရဲ့ တိုင်းရင်းသားရေးရာ ပြည်ထောင်စု ဝန်ကြီးတွေ လာရောက်တာဟာ ရခိုင်ပြည်က စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာပဲရှိနေတယ်ဆိုတဲ့သဘောသက်ရောက်အောင်ပြသဖို့ ဖြစ်တယ်လို့  လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက် ကျရောက်တဲ့ နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့မှာ ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်းခေါင်းဆောင်းဟောင်း စစ်ကောင်စီအကြံပေးအဖွဲ့ဝင် ဒေါ်အေးနုစိန် အပါအဝင် တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နဲ့ ဒုဝန်ကြီး ဦးဇော်အေးမောင်တို့အဖွဲ့က  စစ်တွေမြို့ကို လာရောက်ခဲ့ကြတာပါ။

ဒါဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ  ရခိုင်တိုင်းရင်းသားလူမျိုးတွေ ပါဝင်နေတဲ့ဆိုတဲ့အမြင်မျိုး ပြချင်တာသာဖြစ်တယ်လို့  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က “ခေတ်အဆက်ဆက်မှာ ဗဟိုအစိုးရ(သို့)ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းပြီးလုပ်တဲ့ တိုင်းရင်းသားတွေရှိတယ် အဲဒီ တိုင်းရင်းသားတွေကိုရှေ့ထုတ်ပြီးတော့ ငါတို့အစိုးရအဖွဲ့ထဲမှာ တနည်းအားဖြင့် ပြည်ထောင်စုထဲမှာ တိုင်းရင်းသားတွေကိုလည်းနေရာပေးတယ်ပေါ့၊ အဲလို ပြချင်တာ ဒီနှစ်ကာလမှာတော့ မအလနဲ့ အပေါင်းအပါတွေက ကျဆုံးနေတယ်။ ဒါပေမဲ့ သူတို့ကတော့ ကျန်တဲ့ နေရာတွေမှာရှိတဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ အဲဒီမှာရှိတဲ့ ဘာသာရေးဆိုင်ရာ အကြီးအကဲတွေကို လာပြီး တိုင်းရင်းသား‌တွေထဲက အကြီးအကဲတွေနဲ့လာပြီးတော့ သူတို့လည်း အုပ်ချုပ်ရေးအပိုင်းမှာပါနေတယ်ဆိုတဲ့အမြင်မျိုးရအောင် တနည်းအားဖြင့် တင်းမာနေတဲ့ အမျိုးသားရေး လျော့ကျစေအောင် လာပြီးအကြောလျှော့ပေးတာပေါ့ ကျနော်တို့ ရခိုင်ပြည်သူတွေရဲ့ ရပိုင်ခွင့်ထိန်းထားတဲ့ အေအေတပ်တော်ရဲ့ လုပ်ပိုင်ခွင့်ဟာ ဘာပဲဖြစ်ဖြစ် ဒီဒေသမှာတော့ သြဇာရော အာဏာရော ရှိလာပြီပေါ့နော်၊ မအလရဲ့ သြဇာအာဏာဆိုတာ မရှိသလောက်ဖြစ်သွားပြီ ရခိုင်ပြည်မှာရှိတဲ့ ပြည်‌ထောင်စုဗဟိုပြု စစ်အာဏာရှင် နိဂုံးချုပ်မယ့်နေရာပဲ”လို့ ပြောပါတယ်။

စစ်တွေမြို့ စစ်ကောင်စီဧည့်ရိပ်သာမှာ ဒီဇင်ဘာ ၁၅ ရက် နေ့လယ်က ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နဲ့ ဒုဝန်ကြီး ဦးဇော်အေးမောင်တို့ဟာ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေး မှုအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ စစ်ကောင်စီပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ ကျရာအခန်းကဏ္ဍနေ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၅ ရက် ကျရောက်တဲ့ နှစ်(၅၀)ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စစ်တွေမြို့မှာ ကျင်းပ‌တာဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား အောက်မှာရှိနေသေးတယ်ဆိုပြီး ရုပ်ပြလုပ်နေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ရခိုင်ပြည်နယ်ဟာ သူတို့ရဲ့ အုပ်ချုပ်မှုလက်အောက်မှာ ရှိသေးတယ်ဆိုတာ ဖော်ပြဖို့အတွက် စစ်တွေမှာ ရခိုင်ပြည်နယ်နေ့ကို ကျင်းပတာဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ သူတို့အာဏာရှိသေးတယ် ဆိုတာပြချင်လို့ ရခိုင်ပြည်နယ်နေ့ကို ကျင်းပတာဖြစ်တယ်။ ဒါပေမဲ့ ရခိုင်မှာ ၉၀  ရာခိုင်နှုန်းလောက်က အာရက္ခတပ်တော်ရဲ့ အုပ်ချုပ်မှုအောက်ကိုရောက်နေတယ်ဆိုတာ တကမ္ဘာလုံးသိပါတယ်။ တနိုင်ငံလုံးသိပါတယ်။ ဒါပေမဲ့ သူတို့ကထုံးစံအတိုင်း ဘာဘဲဖြစ်ဖြစ်လုပ်မယ်။ ဒီလိုပွဲတွေ စစ်တွေမှာ လာလုပ်နေတာ သူတို့အနေနဲ့ ရုပ်ပြလာလုပ်တာပေါ့။ စစ်တွေမှာတော့ သူတို့ရှိသေးတယ်ဆိုတာ လာပြီး အလံလေးလာစိုက်ပြတာပါ။ ဒီလိုလုပ်လို့ ရခိုင်ပြည်သူ့ရဲ့တော်လှန်ရေးလှုပ်ရှားမှုက ပြီးသွားမှာမဟုတ်ပါဘူး။ သူတို့ပဲ မကြာခင်မှာ စစ်တွေကနေ ထွက်ပြေးရမှာဖြစ်တယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်နေ့အတွက် စစ်ခေါင်းဆောင်ပေးပို့တဲ့သဝဏ်လွှာမှာ အေအေ အပါအဝင် မြောက်ပိုင်းညီနောင် သုံးဖွဲ့ကို လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။ 

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013