ချင်းပြည်နယ်၊ ဟားခါးမြို့ထဲမှာ စစ်ကောင်စီရဲ့ ပြည်နယ်ဝန်ကြီး ၂ ယောက် လိုက်ပါလာတဲ့ကားကို CDF-ဟားခါးက တိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါသူ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ပါတယ်။
ဧပြီ ၁၂ ရက် မနေ့မနက် ၉ နာရီခွဲအချိန်မှာ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် လမ်းဆုံမှာ ရုံးတက်ဖို့သွားတဲ့ ဝန်ကြီးကားကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီရဲ့ ချင်းပြည်နယ် စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနဲ့ ဇနီး၊ လုံခြုံရေးရဲနဲ့ စစ်သားအပါအဝင် ကားပေါ်မှာ ပါလာသူ ၆ ယောက်လုံး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဟားခါးဒေသခံ တယောက်က “ကားပေါ်မှာက ဝန်ကြီး ၂ ယောက်ရယ်၊ ဝန်ကြီးမိန်းမ ၁ ယောက်၊ ယာဉ်မောင်းလည်း ပါတယ်။ လုံခြုံရေးရယ် စုစုပေါင်း ၆ ယောက် ပါတာပေါ့။ မြို့သစ်ရပ်ကွက် လမ်းဆုံမှာ အတိုက်ခံရတာ။ ယာဉ်မောင်းနဲ့ စစ်သားကပြန်ပစ်တော့ နာရီဝက်လောက် ပစ်ခတ်သံတွေကြားပြီးတော့ CDF ဘက်က ပြန်ဆုတ်သွားတယ်။ ကားပေါ်ပါတဲ့သူတွေအကုန် ဒဏ်ရာရကြတယ်ပြောတယ်” လို့ ပြောပါတယ်။