Home
ဆောင်းပါး
ပြည်ပရောက်လုပ်သားတွေဆီက နည်းမျိုးစုံ ငွေညှစ်နေသည့် စစ်ကောင်စီဝန်ကြီး
DVB
·
September 10, 2024

စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေလိုအပ်ချက် မြင့်တက်နေချိန်မှာ နည်းမျိုးစုံနဲ့ နိုင်ငံခြားငွေ ရရှိအောင် ကြံဖန်လာပါတယ်။

အဲဒီလုပ်ဆောင်ချက်တွေထဲမှာ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က တက်ကြွမှုအရှိဆုံးပုဂ္ဂိုလ်လို့ ဆိုနိုင်ပါတယ်။

ဦးမြင့်နောင်ဟာ အာဏာသိမ်းကာလအတွင်း အလုပ်သမားဝန်ကြီးဌာနရဲ့ သုံးဦးမြောက် ပြည်ထောင်စုဝန်ကြီးဖြစ်ပြီး သူ့ကိုခန့်အပ်ပြီးတာနဲ့ ဦးစားပေး လုပ်ဆောင်တဲ့အချက်က ပြည်ပရောက် လုပ်သားတွေ မိသားစုဆီ ငွေလွှဲပို့ရာကနေ နိုင်ငံခြားငွေရရှိရေးကိစ္စပင်။

ဦးမြင့်နောင်အနေနဲ့ အလုပ်သမားဝန်ကြီးတာဝန်ရယူပြီးတာနဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီ​တွေနဲ့ တွေ့ဆုံပြီး အဓိကမှာကြားတာဟာ အလုပ်သမားတွေရဲ့ လွှဲပို့ငွေကို တရားဝင် ဘဏ်စနစ်ကနေ လွှဲပို့စေရေး ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

သူ ဝန်ကြီးတာဝန်ယူထားတဲ့ ၁ နှစ်တာကာလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ ၅ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ပြီး အဲဒီကိစ္စကို အကြိမ်ကြိမ် ပြောဆိုခဲ့တယ်လို့ အေဂျင်စီ အသိုင်းအဝိုင်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက“ပထမတော့ အေဂျင်စီတွေကို စည်းရုံးတဲ့သဘောပေါ့၊ နောက်ပိုင်း တဖြည်းဖြည်းနဲ့ အတင်းဖိအားပေးတဲ့ အခြေအနေ ရောက်လာတာ။ သူက အဲဒီကိစ္စကိုပဲ တစိုက်မတ်မတ် အာရုံစိုက်လုပ်တာ” လို့ ပြောပါတယ်။

သူတာဝန်ယူပြီးတဲ့နောက်မှာ ပြည်ပရောက် အလုပ်သမားတွေ မိသားစုဆီ လစဥ်ငွေလွှဲပို့ရမယ့်နှုန်းကို သတ်မှတ်ခဲ့ပါတယ်။

လစဥ် လစာရဲ့ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ်ရင် သုံးလစာရဲ့ ၂၅ ရာခိုင်နှုန်း လွှဲပို့ဖို့ သတ်မှတ်လိုက်တာဖြစ်ပြီး အဲဒီသတ်မှတ်ချက်အတိုင်း လွှဲပို့ပါမယ်ဆိုတဲ့ ဝန်ခံချက်ကို အလုပ်သမားနဲ့ အေဂျင်စီတို့ သဘောတူစာချုပ် ချုပ်ဆိုတဲ့အထဲမှာ ထည့်သွင်းကာ လက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။

အဲဒီနောက်မှာ နောက်တဆင့် ထပ်တက်လာပြီး အလုပ်သမားတွေ အမှန်တကယ် လွှဲပို့မပို့ကို အေဂျင်စီတွေကို စောင့်ကြည့်စာရင်း လုပ်ခိုင်းပြီး အဲဒီစာရင်းကို ဌာနဆီပေးပို့ဖို့ စေခိုင်းလာပါတယ်။

အလုပ်သမားတွေကို အစပိုင်းမှာ ချော့သလို စည်းရုံးသလို နည်းတွေနဲ့ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ငွေလွှဲပို့ဖို့ သိမ်းသွင်းခဲ့ပါတယ်။

ဦးမြင့်နောင် အနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း ထိုင်းနိုင်ငံကို ရောက်ရှိချိန်မှာလည်း မြန်မာလုပ်သားတချို့ကို သွားရောက်တွေ့ဆုံပြီး တရားဝင်ငွေလွှဲပို့ရေး စည်းရုံးပြောဆိုတဲ့အထိ သူ့ရဲ့ စိတ်အားထက်သန်မှုကို တွေ့ရပါတယ်။

ပထမ အပျော့နည်းနဲ့ စည်းရုံးပြီးတဲ့နောက်မှာ အာဏာရှင်တွေရဲ့ နည်းလမ်းအတိုင်း အကျပ်ကိုင် ဖိအားပေးမှုတွေက ဆက်ပါလာခဲ့ပါတယ်။

ပြည်တွင်းမှာ အလုပ်သမားတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပေမဲ့ ဦးမြင့်နောင်ကတော့ ဒါကို သိပ်အလေးမထားဘဲ ပြည်ပရောက်လုပ်သားတွေရဲ့ လွှဲပို့ငွေရရှိရေးကိုပဲ အထူးဖိဖိစီးစီး လုပ်နေတာလည်း ဖြစ်ပါတယ်။

အဲဒီလို စစ်ခေါင်းဆောင်အလိုကျ ပြည်ပလုပ်သားတွေရဲ့ လွှဲပို့ငွေကနေ နိုင်ငံခြားငွေရရှိရေး တက်တက်ကြွကြွ ဦးဆောင်နေတဲ့ ဦးမြင့်နောင်ဟာ အရင်ကလည်း စစ်အစိုးရအလိုကျ အသုံးတော်ခံခဲ့သူတယောက် ဖြစ်ပါတယ်။

အသက် ၆၄ နှစ်ပြီဖြစ်တဲ့ ဦးမြင့်နောင်ဟာ စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းခဲ့သူတဦး ဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင်အရေးအခင်းမှာ အဓိက ဦးဆောင်နှိမ်နင်းခဲ့သူ အနေနဲ့ သတင်းကြီးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ တပ်မတော်သားတာဝန် ထမ်းခဲ့စဥ်က ကရင်ပြည်နယ် စစ်ဆင်ရေးအတွင်း ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ၊ ထွက်ပြေးရတဲ့ ဖြစ်ရပ်မှာ တာဝန်ရှိသူ ဖြစ်တယ်ဆိုပြီး Karen Human Rights Group (KHRG) အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြခံထားရပါတယ်။

သူက ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ စစ်တပ်ကနေ အနားယူခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ရောက်ရှိခဲ့ကာ တောင်အာဖရိကဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခံရစဥ်က သူ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခဲ့တာတွေကို စုံစမ်းဖော်ထုတ်ပေးဖို့အတွက် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တောင်အာဖရိက အတိုက်အခံပါတီတို့က တောင်းဆိုခဲ့ကြပြီး သံအမတ်အဖြစ် လက်မခံဖို့ ကန့်ကွက်ခံရဖူးတယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီနောက် အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် နောက်ဆုံးတာဝန်ထမ်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မှာ နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ပြန်ရောက်ကာ သက်ပြည့်ပင်စင် ရယူခဲ့ပါတယ်။

အရင်စစ်အစိုးရနဲ့ စစ်တပ်တပိုင်းအစိုးရ လက်ထက်တွေမှာ တာဝန်တွေ ထမ်းဆောင်ခဲ့သူကို စစ်ခေါင်း​ဆောင် မင်းအောင်လှိုင်က ၂၀၂၃ သြဂုတ်လမှာ ပြန်လည်ခေါ်ယူပြီး အလုပ်သမားဝန်ကြီး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဦးမြင့်နောင် အနေနဲ့လည်း မင်းအောင်လှိုင်ကို သစ္စာခံပြီး စစ်ကောင်စီအလိုကျ နိုင်ငံခြားငွေရရှိရေး စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

ပြည်တွင်း အလုပ်သမားအရေး လှုပ်ရှားသူတဦးက“သူက စစ်တပ်အပေါ်လည်း သစ္စာခံတဲ့ အငြိမ်းစား စစ်တပ်အရာရှိတဦး အနေနဲ့ အခုထိ အခိုင်အမာ ရှိနေသူပဲ။ စက်ရုံလုပ်သားတွေကို စစ်မှုထမ်းခိုင်းမယ့် ကိစ္စဆိုရင်လည်း သူကိုယ်တိုင်က လိုလိုလားလား ရှိတဲ့သဘော တွေ့ရတယ်” လို့ မှတ်ချက်ပြုပါတယ်။

ဦးမြင့်နောင် အနေနဲ့ ပြည်ပရောက်လုပ်သားတွေ ငွေလွှဲပို့ရေးကို အစောပိုင်းမှာ စည်းရုံးပြောဆိုတဲ့ အနေအထားကနေ အရေးယူတဲ့အဆင့်ကို ပြောင်းလဲလိုက်ပြီး အာဏာရှင်ဆန်ဆန် ပြုလုပ်လာခဲ့ပါတယ်။

ပြည်ပကိုစေလွှတ်ထားတဲ့ အလုပ်သမားရဲ့ မိသားစုဆီ လွှဲပို့ငွေစာရင်း ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီ၊ သတ်မှတ်ရာခိုင်နှုန်း ပြည့်မီအောင် စာရင်းမပို့နိုင်တဲ့ အေဂျင်စီတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက စတင်အရေးယူမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အဲဒီစာရင်ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ၇၉ ခုကို ပြည်ပလုပ်သားစေလွှတ်ခွင့် ဆိုင်းငံ့လိုက်သလို အလုပ်​ခေါ်စာအသစ် တင်ပြခွင့်လည်း ယာယီရပ်နားခံလိုက်ရပါတယ်။ အဲဒီထဲကမှ အေဂျင်စီ ၈ ခုဟာ ဒဏ်ကြေး ကျပ် ၁ သိန်းစီလည်း ပေးဆောင်ရပါတယ်။

နောက်ထပ် အေဂျင်စီ ၆၇ ခုကိုလည်း လွှဲပို့ငွေစာရင်းပေးပို့တာ သတ်မှတ်ရာခိုင်နှုန်း မပြည့်လို့ဆိုပြီး အလုပ်ခေါ်စာအသစ် တင်ပြလျှောက်ထားခွင့် ဆိုင်းငံ့ထားပါတယ်။

အဲဒီလို ဖိအားပေး အရေးယူမှုတွေ လုပ်လာတာကြောင့် ပြည်ပကို လုပ်သားစေလွှတ်နေတဲ့ အေဂျင်စီတွေလည်း ခေါင်းခဲနေကြတယ်လို့ ​ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက “သူ့လက်ထက်ကျမှ အေဂျင်စီတွေလည်း လုပ်ရကိုင်ရ ခက်လာတယ်။ နိုင်ငံခြားငွေရဖို့ကိုပဲ ဇောင်းပေး အမိန့်ပေးနေတာ။ တွေ့တိုင်းလည်း ဒီကိစ္စပြောတယ်” လို့ ပြောပါတယ်။

အဲဒီလို အေဂျင်စီတွေကို အကျပ်ကိုင်ရုံတင်မကဘဲ ပြည်ပရောက် အလုပ်သမားတွေကိုလည်း သတ်မှတ်နှုန်းအတိုင်း မိသားစုဆီ တရားဝင်ငွေလွှဲပို့ဖို့ ပျက်ကွက်ရင် ပြည်ပကို အလုပ်နဲ့ထွက်ခွာခွင့် ကန့်သတ်နဲ့ ပိတ်တာ၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ထုတ်မပေးတာမျိုးအပြင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးတာမျိုးတွေပါ လုပ်သွားမယ်ဆိုပြီး သြဂုတ် ၂၈ ရက်က အမိန့်စာထုတ်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

အဲဒီစာမထုတ်ခင်ကလည်း ပြည်ပကနေ ခွင့်နဲ့ပြန်လာသူတွေ ပြန်လည်ထွက်ခွာမယ်ဆိုရင် မိသားစုဆီ လွှဲပို့ထားတဲ့ငွေနဲ့ ပတ်သက်လို့ သက်သေအထောက်အထား ပြနိုင်မှ ခွင့်ပြုတာမျိုး လက်တွေ့ကျင့်သုံးနေတာ ဖြစ်ပါတယ်။

ဦးမြင့်နောင် အနေနဲ့ အဲဒီလို ဘက်ပေါင်းစုံက ဖိအားပေးတာတွေလုပ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ယုံကြည်အားကိုးရသူ ဖြစ်အောင် ပုံဖော်နေတာလို့လည်း စောင့်ကြည့်သူတွေက ဆိုပါတယ်။

ဦးမြင့်နောင်ရဲ့ စစ်အာဏာရှင်တွေအပေါ် သစ္စာခံတတ်မှုကို ရိပ်မိပုံရတဲ့ မင်းအောင်လှိုင် ကလည်း အလုပ်သမားဝန်ကြီး မခန့်ခင် ၂၀၂၂ နိုဝင်ဘာလမှာ ဝဏ္ဏကျော်ထင်ဘွဲ့ပေးပြီး မွေးခဲ့ပုံရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီအလိုကျ စစ်တပ်အရာရှိဟောင်းဟာ နိုင်ငံခြားငွေ ရရှိရေးအတွက် အစွမ်းကုန် အားထုတ်နေဦးမှာ သေချာပါတယ်။

မင်းမခ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024