Home
မြန်မာသတင်း
မဲခေါင်မြစ်တွင် မြန်မာအလုပ်သမား ၄၀ လိုက်ပါလာသည့် စက်လှေမှောက်ပြီး  ၃၀ ပျောက်ဆုံး
DVB
·
September 3, 2024
Photo Crd-dailynews

လာအိုနိုင်ငံ ရွှေတြိဂံစီးပွားရေးဇုန်အနီး မဲခေါင်မြစ်ထဲမှာ စက်တင်ဘာ ၂ ရက် ညက မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ စက်လှေတစီး တိမ်းမှောက်သွားပြီး ၁၀ ယောက်သာ ကယ်တင်နိုင်ခဲ့ကာ အယောက်  ၃၀ ပျောက်ဆုံးနေတယ်လို့  လာအိုဒေသတွင်းသတင်းကို ကိုးကားပြီး Daily News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါစက်လှေဟာ လာအိုနိုင်ငံ၊ ဘော်ကယောက်ခရိုင်၊ တွန့်ဖိတ့်မြို့နယ် ရွှေတြိဂံစီးပွားရေးဇုန်အနီးဆိပ်ကမ်းမှ ထွက်ခွာလာပြီး မြန်မာနိုင်ငံ တာချီလိတ်ခရိုင် နမ့်လုတ်ကူးတို့ဆိပ်ကို ဦးတည် ထွက်ခွါလာတာလို့ ဆိုပါတယ်။

လမ်းခုလတ်မှာ စက်လှေချို့ယွင်းပြီး မဲခေါင်မြစ်ရေစီး အလွန်သန်ချိန်ဖြစ်တာကြောင့် လှေခုတ်မောင်းသူမှာ မထိန်းချုပ်နိုင်တော့ဘဲ ရေထဲခုန်ချပြီး ကိုယ်လွတ်ရုန်းသွားတယ်လို့  အသက်ဘေးမှ လွတ်မြောက်လာသူတွေက ပြောပါတယ်။

အထိန်းအချုပ်မရှိတဲ့လှေဟာ တိမ်းမှောက်သွားပြီး လှေပေါ်က လူတွေအကုန် ရေထဲကျသွားပြီးနောက် အဆိုပါအဖြစ်အပျက်ကို မြင်တွေ့ရတဲ့ တခြား လာအိုလှေတွေက သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့သလို သူတို့ကိုယ်တိုင်လည်း သွားရောက်ကူညီခဲ့ကြတယ်။

ကနဦးမှာ ၁၀ ယောက်သာ ကယ်တင်နိုင်ခဲ့ပြီး လာအိုဘက်ကမ်း မန်းကွဏ်းလှေဆိပ်ကနေ ကမ်းပေါ် တင်ပေးခဲ့ကာ နောက်ထပ်ပျောက်ဆုံးနေသူ အယောက်  ၃၀ ကို ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။ 

အဆိုပါမြန်မာလုပ်သားတွေဟာ ရွှေတြိဂံစီးပွားရေးဇုန်မှာ  အလုပ်သွားလုပ်ကြတာဖြစ်ပြီး ခုရက်ပိုင်းအတွင်း တရားမဝင်အလုပ်သမား နှိမ်နင်းရေးစီမံချက်ကြောင့် အဖမ်းအဆီးများနေတယ်။

စက်လှေပေါ်ပါလာတဲ့အလုပ်သမားတွေဟာ အလုပ်သမားကတ်၊ မှတ်ပုံတင်အထောက်အထား မရှိတာကြောင့် အဖမ်းခံရမှာစိုးလို့ လှေစင်းလုံးငှားပြီး မြန်မာပြည်ကို ပြန်ခဲ့တာမှာ ခုလိုမတော်တဆ လှေတိမ်းမှောက်မှုနဲ့ ကြုံရတာလို့ သတင်းမှာ ဖော်ပြပါတယ်။ 

Source- Daily News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013