
အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် ပြည်နယ်နဲ့တိုင်း ၁၀ ခုမှာ ကျပ်ကုဋေပေါင်း ၈ သိန်းလောက် ဆုံးရှုံးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
စုစုပေါင်း ပျက်စီးဆုံးရှုံးတဲ့တန်ဖိုးရဲ့ ၄၅ ရာခိုင်နှုန်းကျော်က မန္တလေးတိုင်းကဖြစ်လို့ အများဆုံးဖြစ်ပြီး နေပြည်တော်မှာတော့ ၄၄ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဆိုပါတယ်။
ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ်၊ ပဲခူး၊ မကွေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့မှာလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက စုစုပေါင်းရဲ့ ၇ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပျက်စီးဆုံးရှုံးတာတွေကို မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့တာမှာ ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ သာသနာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ဌာနဆိုင်ရာ စက်ရုံ/အလုပ်ရုံ၊ ရုံးအဆောက်အဦ စတဲ့ ဌာနဆိုင်ရာကဏ္ဍ ပျက်စီးဆုံးရှုံးမှုက ငွေကျပ် သန်းပေါင်း ၄ ဒသမ ၇ သန်းကျော် ရှိပါတယ်။
ဒါ့အပြင် လူနေအိမ်၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ၊ ပုဂ္ဂလိက စာသင်ကျောင်းတွေ၊ ဆေးရုံ/ဆေးခန်းတွေ၊ စိုက်ပျိုးသီးနှံတွေ စတဲ့ ပုဂ္ဂလိကကဏ္ဍ ဆုံးရှုံးမှုက ငွေကျပ် သန်းပေါင်း ၃ ဒသမ ၂ သန်းကျော်ဖြစ်လို့ စုစုပေါင်းဆုံးရှုံးမှုမှာ မြန်မာကျပ်ငွေ သန်းပေါင်း ၇ ဒသမ ၉ သန်းကျော် (ကုဋေပေါင်း ၇၉၀,၀၀၀ ကျော်) ဖြစ်တယ်လို့ ဆိုပါတယ်။
ကဏ္ဍအလိုက် ပျက်စီးဆုံးရှုံးတာမှာ ဌာနဆိုင်ရာရုံး၊ အဆောက်အဦ၊ ရုံးအသုံးအဆောင်နဲ့ ဝန်ထမ်းအိမ်ရာတွေ ပျက်စီးတာက အများဆုံးဖြစ်ပြီး လူနေအိမ်/အဆောက်အဦတွေ ပျက်စီးတာက ဒုတိယအများဆုံး၊ ဘာသာရေးအဆောက်အဦတွေ ပျက်စီးတာက တတိယအများဆုံး ဖြစ်ပါတယ်။
ဩဂုတ် ၁၁ ရက်အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ဘေးသင့်ပြည်သူတွေ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမယ့် အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့မှုအတွက် ကျပ်ငွေ သန်း ၄၂,၀၀၀ ကျော်၊ သေဆုံးသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့မှုအတွက် ကျပ်ငွေ သန်း ၄,၇၃၃ ကျော်၊ ဒဏ်ရာရသူတွေအတွက် ကျပ်ငွေ ၁၇၅ သန်း၊ နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့ ကျပ်ငွေ သန်းပေါင်း ၁ ဒသမ ၆ သန်းကျော် (ကုဋေပေါင်း ၁၆၀,၀၀၀ ကျော်) ထောက်ပံ့ထားတဲ့အပြင် ရှေးဦး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကျပ်ငွေ သန်းပေါင်း ၃၄၀,၀၀၀ ကျော်ကို သုံးစွဲခဲ့ပြီး ပြည်တွင်းပြည်ပက လှူဒါန်းတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကိုလည်း ဘေးသင့်ဒေသတွေဆီ အချိန်နဲ့တပြေးညီ ဖြန့်ခွဲထောက်ပံ့ပြီးပြီလို့ ဆိုပါတယ်။
လက်ရှိမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အခြေခံပညာကျောင်းတွေ အားလုံးကို ဖွင့်လှစ်ထားနိုင်ပြီး ပျက်စီးခဲ့တဲ့ တံတားတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို ပြန်ပြင်ထားပြီးဖြစ်သလို လမ်းပျက်စီးတာ၊ မီးရထားလမ်းပိုင်းအလိုက် ပျက်စီးတာ၊ ဆက်သွယ်ရေးကဏ္ဍနဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးတာ တို့ကိုတော့ ရာနှုန်းပြည့်နီးပါး ပြင်ဆင်ပြီးပြီလို့ ဆိုပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် တိုင်းနဲ့ပြည်နဲ့ ၆ ခုမှာ ဩဂုတ် ၁၃ ရက်အထိ သေဆုံးသူ ၃,၇၇၃ ယောက်၊ ဒဏ်ရာရသူ ၅,၁၀၄ ယောက်နဲ့ ပျောက်ဆုံးသူ ၃၅ ယောက်ရှိပြီး အဆောက်အအုံတွေအတွင်း ပိတ်မိနေသူတွေထဲက အသက်ရှင်သူ ၆၅၃ ယောက်နဲ့ သေဆုံးသူ ၈၅၁ ယောက်ကို ရှာဖွေနိုင်ခဲ့တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။