
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒု-ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်နဲ့ တော်လှန်ရေးအင်အားစုတွေ ဒီရက်ပိုင်းအတွင်း တဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ယောတပ်တော် (YA) နဲ့ တွေ့ဆုံခဲ့သလို အဲဒီမတိုင်ခင်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ချင်းညီနောင်အဖွဲ့နဲ့ မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒုဗိုလ်ချုပ်ကြီးဂွန်မော်နဲ့ တွေ့ဆုံခဲ့တဲ့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကတော့ တော်လှန်ရေးအတွက် မဟာဗျူဟာကျကျ လက်တွဲဆောင်ရွက်နိုင်မယ့် အလားအလာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြတာလို့ DVB ကို ပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံတာနဲ့ပတ်သက်ပြီး KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဗဟိုက ဘာမှပြောဆိုထားတာ မရှိဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ဒီတွေ့ဆုံမှုတွေက သာမန်တွေ့ဆုံမှုတွေ ဖြစ်နိုင်ပြီး နိုင်ငံရေး၊ စစ်ရေးအရ ဆွေးနွေးတာမျိုး မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်ဖြစ်တဲ့ ဒေါက်တာလှကျော်ဇောကတော့ KIA အနေနဲ့ အခုလိုမျိုး တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံနေတာက ကောင်းတဲ့ခြေလှမ်းဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိ စစ်အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ ရေရှည်သွားရမှာဖြစ်တာကြောင့် အားလုံးညီညွတ်ဖို့ လိုသလို တပ်ပေါင်းစု ဖြစ်လာဖို့လည်း လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။
လက်ရှိမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိုးစစ်ဆင်နေတဲ့ ဗန်းမော်မြို့ကို စစ်သင်္ဘောတချို့ ရောက်လာပြီးတဲ့နောက် တိုက်ပွဲတွေ ပြန်ပြင်းထန်နေပြီး စခန်းတချို့ကို လက်လွှတ်ထားရပါတယ်။
လက်ရှိအခြေအနေက ဗန်းမော်မှာ စစ်ကောင်စီဘက်က လူ၊ လက်နက်၊ ရိက္ခာ ပြန်ပြီးဖြည့်တင်းနိုင်တဲ့ အခြေအနေဖြစ်တယ်လို့လည်း KIO ဘက်က ပြောပါတယ်။
ထက်အောင်