Home
မြန်မာသတင်း
ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးအင်အားစုများ ထိန်းသိမ်းထားဆဲဟု PLA ပြော
DVB
·
August 3, 2025
Photo : PLA

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို စစ်ကောင်စီက ပြန်သိမ်းသွားတယ်ဆိုတာ သတင်းအမှားသာ ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေက ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တာဝန်ရှိသူက ပြောပါတယ်။ 

ကန့်ဒေါင့်ရဲစခန်းကို ဇွန်လ ၁၉ ရက်နေ့မနက်အစောပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ ဒေသတွင်းမဟာမိတ်ပူးပေါင်းအဖွဲ့ ၁၀ ဖွဲ့တို့က သိမ်းယူနိုင်ခဲ့တာပါ။ အဲဒီနောက်ပိုင်းကတည်းက စစ်ကောင်စီက ကန့်ဒေါင့်ရဲစခန်းကိုပြန်သိမ်းနိုင်ဖို့ မြေပြင်စစ်ကြောင်း ဆက်တိုက်ထိုးခဲ့ပြီး လက်နက်ကြီးပစ်ကူတွေ အသုံးပြုခဲ့ပေမဲ့ တော်လှန်ရေးအင်အားစုတွေက စခန်းကို ဆက်လက်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ 

ဩဂုတ် ၁ ရက်နေ့မှာ ကန့်ဒေါင့်စခန်းကို စစ်ကောင်စီက ပြန်သိမ်းယူသွားပြီလို့ သတင်းဌာနတချို့မှာ သတင်းတက်လာတာနဲ့ပတ်သက်ပြီး PLA  တာဝန်ရှိသူ ရဲဘော်နီနီကျော်က အခုလို တုံ့ပြန်ပြောဆိုပါတယ်။

“အဲဒီသတင်းက မှားနေတယ်ရှင့်။ အင်မထိရွာကနေ အနောက်ဘက်ကိုထွက်ရင် တမိုင်ကျော်လောက်ကွာတဲ့ အကွာအဝေးမှာ ဒလိုင်းကန်တို့ သရက်ကန်တို့ ဆိုတဲ့ရွာတွေရှိတယ်၊ အဲဒီသရက်ကန်ဘက်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်ပြီးတော့ သူတို့စစ်ကြောင်းထိုးလာတာတော့ ရှိတယ်ပေါ့။ ကျွန်မတို့ PLA တပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက်ကြောင့် သူတို့တွေ ရှေ့တိုးလို့မရဘူးပေါ့နော်။ ကန့်ဒေါင့်နဲ့ တရွာ နှစ်ရွာကျော်လောက်မှာတော့ သူတို့စစ်ကြောင်း ရောက်လာတယ်ပေါ့၊ အဲ့ဒီမှာ ထိတွေ့တိုက်ပွဲ ဖြစ်နေတယ်။ ပတ်ချာလည်မှာလည်း ကျမတို့အကုန်လုံး PLA တွေရော မဟာမိတ်တွေရော  ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက်ကြောင့် ဒီစခန်းကို သူတို့ ပြန်ဝင်လို့မရဘူး၊ ပြန်သိမ်းသွားပြီဆိုတာ မှားနေတယ်ပေါ့နော်။”

ဇွန် ၁၉ ရက်နေ့ စခန်းသိမ်းတိုက်ပွဲအပြီးမှာ ကန့်ဒေါင့်ရဲစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတချို့ဟာ အနီးနားက အင်မထီးပျူစောထီးရွာမှာ ခိုလှုံပြီး စစ်ကောင်စီက ထပ်ပို့လာတဲ့ အင်အားတွေ၊ ပျူစောထီးတွေနဲ့အတူ ကန့်ဒေါင့်ရဲစခန်းကို ပြန်တိုက်ခိုက်ဖို့ ကြိုးစားနေတာပါ။ 

ဇွန် ၁၉ ရက်နေ့ကနေ လက်ရှိအချိန်အထိ ရက်ပေါင်း ၄၀ ကျော် ထိတွေ့မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး မြေပြင်တော်လှန်ရေးအင်အားစုတွေက စခန်းပတ်ချာလည်ကနေ ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ကိုဥက္ကာက “ဒီစခန်းကို ပြန်မပေးရရေးအတွက် ကျနော်တို့လည်း အသည်းအသန်ကာနေတာပဲ၊ အခုအချိန်ထိ ပြန်မပါသေးဘူးဗျ၊ ပြန်မပေးရသေးဘူး။ ဟုတ်တယ် မြေပြင်နဲ့ ကွဲလွဲနေတယ်၊ ဒီသတင်းက လုံးဝအမှားကြီးပါဗျ။ ရက်ပေါင်း ၄၀ ကျော်ပြီ တရက်မှ မနားသေးဘူးဗျ။ စခန်းသိမ်းတိုက်ပွဲပြီးတဲ့နောက်ပိုင်း သူတို့ ထိုးစစ်ဆင်လာတဲ့ အချိန်ကတည်းကနေပြီးတော့ ရောက်နေတဲ့နေရာပဲ၊ စစ်ကောင်စီရဲ့ ကောင်တွေက ကန့်ဒေါင့်အရှေ့ဘက်တကြောပေ့ါ၊ လုံးဝမဝင်နိုင်သေးပါဘူး၊ အဝေးကြီးရှိပါသေးတယ်။ မှတ်ချက်ပြောချင်တာက စစ်ရေးသတင်းတွေနဲ့ ပတ်သက်တဲ့ အရင်းအမြစ်တွေ သိချင်လို့ရှိရင် ကျနော်တို့မြေပြင်မှာ တကယ်လက်တွေ့ရှိနေတဲ့ အဖွဲ့တွေကို မေးပါလို့၊ မြေပြင်မှာရှိနေတဲ့သူတွေကို သတင်းအတည်ပြုပြီးမှ သတင်းထုတ်ပြန်တာက အဆင်ပြေပါလိမ့်မယ်” လို့ ပြောပါတယ်။

ကန့်ဒေါင့်ရဲစခန်းကို သိမ်းယူနိုင်ဖို့ ဒေသမဟာမိတ်အဖွဲ့တွေက ဇွန် ၂ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၁၉ ရက်က သိမ်းယူနိုင်ခဲ့တာပါ။ 

ကန့်ဒေါင့်ရဲစခန်းဟာ ဒေသတွင်းအချက်အချာကျတဲ့ အာဆီယံလမ်းမကြီး(ပုလဲ-ဂန့်ဂေါလမ်း) ပိုင်းမှာ တည်ရှိတာပါ။ အဲ့ဒီလမ်းဟာ အိန္ဒိယနိုင်ငံအထိ သွားလာနိုင်တဲ့ လမ်းဖြစ်တဲ့အတွက် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးမှာ ဗျူဟာအရ အရေးပါတဲ့နေရာဖြစ်ပါတယ်။ 

ကန့်ဒေါင့်ရဲ့အနောက်မြောက်ဘက် မိုင် ၃၀ ကျော်အကွာမှာ စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၃ တည်ရှိပြီး အနောက်တောင်ဘက် ၃၅ မိုင်ဝန်းကျင်မှာ ကပစ ၂၄ တည်ရှိတာကြောင့် စစ်ကောင်စီက ကန့်ဒေါင့်ရဲစခန်းကို လက်မလွှတ်ရဖို့ အစွမ်းကုန်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ 

ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့မရဲစခန်း ပြီးရင် ဒေသတွင်းမှာ ဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့စခန်း ဖြစ်ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013