
ကချင်ပြည်နယ်၊ ဖားကန့်မြို့က စစ်ကောင်စီရဲ့ ဗျူ ဟာကုန်းအနီးမှာရှိတဲ့ ရှရော်ခကျေးရွာအဝင် ညောင်ပင်ကုန်းကနေ KIA ပူးပေါင်းတပ်တွေ ဩဂုတ် ၂ ရက်မှာ ဆုတ်ခွာလိုက်ရပြီး တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၁ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာပြီးနောက် တိုက်ပွဲဖြစ်လို့ နောက်နေ့မှာ KIA တပ်တွေ ဆုတ်ခွာပေးလိုက်ရပြီး တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ရှရော်ခကျေးရွာ၊ မှော်တောင်းနဲ့ ဆန်းကြွယ်က ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ပေးလိုက်ရပြီ ပြောတယ်။ မှော်မောင်းလျှန်ကုန်းကို။ မနေ့ကတည်းကနေ အခုတမနက်လုံး အကြီးသံတွေ မပြတ်ဘူး။ ကြားနေရတာ။ မိုးအရမ်းရွာနေတော့ လေယာဉ်တွေ မလာဘူး” လို့ DVB ကိုပြောပါတယ်။
KIA တပ်တွေ ဆုတ်ခွာပေးလိုက်ရတဲ့ ညောင်ပင်ကုန်းဟာ ဖားကန့်ဗျူဟာကုန်းကို အနီးကပ် လက်နက်ကြီး ပစ်ခတ်နိုင်တဲ့ကုန်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဖားကန့်ဒေသခံတယောက်က “ခုတော့ မိုးအရမ်းသည်းနေတယ်။ ယူမာဘက်မှာလည်း ပစ်သံတွေလည်း ကြားနေရတယ်။ လက်နက်ကြီးတွေ မှော်တောင်းရွာ၊ ညောင်ပင်ကုန်း အောက်က ရွာတွေထဲ ကျတယ်။ ဆန်းကြွယ်ရွာအနီးပေါ့။ အသေးစိတ်တော့ မသိရဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖားကန့်ကို နယ်မြေစိုးမိုးရေးလုပ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့်ကို ဝင်နိုင်တဲ့ လုံးတုံဂိတ်ကနေ ကုန်တင်ကားတွေကို ပိတ်ဆို့ထားခဲ့ပါတယ်။