
ကချင်ပြည်နယ်၊ ရွှေကူမြို့ကို ရောက်ရှိလာတဲ့ စစ်သင်္ဘောပါ ရေယာဉ်အုပ်စုဟာ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ တိုက်ခိုက်မှုကြောင့် ရွှေကူဘက်ကို ပြန်ဆုတ်သွားပြီး ၄ ရက်ကြာတဲ့အထိ ဗန်းမော်ကို ဆက်တက်မလာသေးဘူးလို့ KIA က ပြောပါတယ်။
ရေယာဉ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်မှာ ရွှေကူကို ဆိုက်ရောက်လာပြီး မြို့ဘေးကပ်ရက်မှာရှိတဲ့ ငဘတ်ဝရွာဝန်းကျင်မှာ KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့အတွက် အခုချိန်ထိ ရွှေကူမှာ ရပ်နားနေတာ ဖြစ်ပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ရွှေကူကနေတဆင့် တက်လာတာကိုတော့ မကြားသိရပါဘူး။ ၂၆ ရက်မှာ ရွှေကူကနေ တက်လာတယ်လို့ ကြားတယ်။ အဲဒါကို ကျနော်တို့ KIO/KIA နဲ့ ပူးပေါင်းတပ်တွေက ငဘတ်ဝဆိုတဲ့နေရာမှာ ခုခံတိုက်ခိုက်ပြီးမှ ရွှေကူဘက်ကို ပြန်ဆုတ်သွားတယ်ဆိုတဲ့ သတင်းက နောက်ဆုံးဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဲဒီသင်္ဘောတွေဟာ မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းကနေ ဇူလိုင် ၁၇ ရက်နဲ့ ၂၂ ရက်တွေမှာ အုပ်စု ၂ ခုခွဲပြီး ထွက်ခွာလာတာဖြစ်ပါတယ်။
စစ်သင်္ဘောတွေ ရွှေကူကို နောက်ပြန်ဆုတ်ခဲ့ရပြီးနောက် ဇူလိုင် ၂၈ ရက်မှာတော့ စစ်တပ်က KIA ထိန်းချုပ်ရာ စင်းခန်းတံတားဘက်က ကျေးရွာတွေကို ဗုံးကြဲခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ကျနော်တို့ KIO/KIA တွေ ရှိမယ်ထင်တဲ့ ရွာတွေမှာ ဗုံးကြဲပြီးမှ လမ်းရှင်းတဲ့သတင်းကတော့ ကြားရပါတယ်။ ဒီနေ့သတင်းကတော့ မကြားရသေးဘူးခင်ဗျ။”
ဇူလိုင် ၂၉ ရက်အထိ နောက်ဆုံးသတင်းအရတော့ စစ်ကောင်စီ ခြေလျင်တပ်တွေကပါ မြစ်ဘေးမှာ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေကြောင်း မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်သင်္ဘောပါ ရေယာဉ်အုပ်စုဟာ ရွှေကူကို လာရာလမ်းတလျှောက်က သပိတ်ကျင်း၊ ထီးချိုင့် စတဲ့မြို့တွေနဲ့ စစ်စခန်းတွေဆီ လူအင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ချပေးခဲ့ပါသေးတယ်။
စိုးသူအောင်