Home
နိုင်ငံတကာ
ငြိမ်းချမ်းရေးကို မြေနှင့်လဲရမည် မဟုတ်ဟု ယူကရိန်းစစ်သည်များ ပြော
DVB
·
August 13, 2025
Photo :Reuters

ရုရှားနိုင်ငံကို နယ်မြေထိုးအပ်ရတာဟာ စစ်ဘေးသင့်နေတဲ့နိုင်ငံကို ဘာငြိမ်းချမ်းရေးမှ ဆောင်ယူပေးနိုင်မှာ မဟုတ်ဘူးလို့ ယူကရိန်းစစ်သားတွေက ဩဂုတ် ၁၁ ရက်မှာ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ကိယက်ဗ်နဲ့ မော်စကိုတို့ နှစ်ဖက်စလုံးဟာ နယ်မြေတွေကို စွန့်လွှတ်ပေးအပ်ရမှာ ဖြစ်တယ်လို့ တနင်္လာနေ့က ပြောဆိုခဲ့တဲ့အပေါ် တုံ့ပြန်ပြောဆိုကြတာ ဖြစ်ပါတယ်။

စစ်ပြေငြိမ်းရေးအတွက် ရုရှားနဲ့ နယ်မြေအပေးအယူလုပ်တာကို အားမပေးဘူးလို့ ခါကိဗ်ဒေသရှိ လေ့ကျင့်ရေးကွင်းတခုမှာ တပ်မဟာ ၅၈ မှ စစ်သားတွေက ရိုက်တာသတင်းဌာနကို ပြောကြတာပါ။

လုံခြုံရေးအကြောင်းပြချက်နဲ့ သူ့ကိုယ်သူ ‘ချန်ပီယံ’ ဆိုတဲ့ နာမည်နဲ့ မိတ်ဆက်တဲ့ ယူကရိန်းစစ်သားက ငြိမ်းချမ်းရေးလမ်းစဉ်တိုင်းကို စေ့စပ်ညှိနှိုင်းမှုတွေနဲ့ တည်ဆောက်ထားပေမဲ့ ရန်သူက ဆက်ပြီး ထိုးဖောက် ဝင်ရောက်နေတာကြောင့် မနက်ဖြန် ချက်ချင်း ဒီအတိုင်းပဲ ငြိမ်းချမ်းရေးရမယ်လို့ ပြောလို့မရဘူးလို့ ဆိုပါတယ်။

ယူကရိန်းက လက်နက်ဖယ်ရှားလိုက်ရင်လည်း ရုရှားက ဆက်တိုက်နေလိမ့်ဦးမှာ ဖြစ်တာကြောင့် ခိုင်မာတဲ့ စစ်တပ်ကောင်းတွေနဲ့ အားကောင်းတဲ့လက်နက်တွေ ရှိထားရင် ဒီကို လာတော့မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်ရဖို့အတွက်က နှစ်ပေါင်းရာနဲ့ချီ အချိန်ယူရမှာဖြစ်ပြီး လာမယ့်မျိုးဆက်တွေက ဆက်တိုက်ရလိမ့်မယ်လို့လည်း ဆိုပါတယ်။

တပ်မဟာ ၅၈ မှ ရှက်ဖ်လို့ ခေါ်ကြတဲ့ လေ့ကျင့်ရေးမှူးကလည်း “စစ်ပွဲတွေ ဆက်ဖြစ်မှာကို သဘောမတူဘဲ နိုင်ငံ့မြေကို စွန့်လွှတ်လိုက်ဖို့က ဒီတိုက်ပွဲအတွက် လူဘယ်နှယောက်တောင်မှ သေဆုံးခဲ့ရလဲ ဆိုတာ နားလည်ရမယ်၊ ဘယ်သူ့ကို ဘာအတွက် ပေးရမှာလဲ” လို့ ပြောသွားပါတယ်။

ယူကရိန်းရဲ့ ပိုင်နက်တခုလုံးဟာ အရင်နယ်နိမိတ်ဟောင်းတွေအတိုင်း ရှိရမှာဖြစ်ပြီးတော့ သူကတော့ နောက်ဆုံးသွေးစက်အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ယူကရိန်းဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အကြီးဆုံးနဲ့ အသေအပျောက်အများဆုံးစစ်ပွဲ စကတည်းက ရုရှားကျူးကျော်သူတွေကို ပြန်တွန်းလှန်ဖို့ ကြိုးပမ်းခဲ့တာပါ။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို သိမ်းပိုက်ပြီးတော့ ရုရှားရဲ့ သြဇာလွှမ်းမိုးမှု နယ်ပယ်ကို ချဲ့ထွင်ဖို့ ကျူးကျော်မှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013