Home
မြန်မာသတင်း
ရခိုင်နှင့်သင့်တော်မည့် ပညာရေးသင်ရိုး ရေးဆွဲနေပြီး တက္ကသိုလ်ပညာရေးအတွက် ပြင်ဆင်နေဟု AA ပြော
DVB
·
August 11, 2025

ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေကို ပညာသင်ကြားနိုင်ရေးအတွက် ရခိုင်ပြည်နယ်က ကျောင်းသားတွေနဲ့ သင့်တော်တဲ့ ပညာရေး သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲနေပြီး အဆင့်မြင့် တက္ကသိုလ်ပညာရေးအတွက်လည်း စီစဉ်နေတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ ညီမျှတဲ့ ခေတ်မီပညာရေးစနစ် တရပ်ကို ဖော်ဆောင်နိုင်ဖို့အတွက် ရေတို၊ ရေရှည် ပေါ်လစီတွေနဲ့ သင်ရိုးညွှန်းတန်းတွေကို ရေးဆွဲနေတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

“အာရက္ခပညာရေးဌာနအနေနဲ့ တန်းတူညီမျှပြီးတော့ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ခေတ်မီပညာရေးစနစ်တရပ်ကို ဖော်ဆောင်နိုင်ဖို့ ရေတိုပညာရေးစီမံချက်နဲ့ ရေရှည်ပညာရေး ပေါ်လစီတွေအပြင် အရည်အသွေးပြည့်ဝတဲ့ သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲလို့ ရှိပါတယ်။ ရခိုင်စာသင်ရိုးမူဘောင်ကို Grade- 7 အထိ ရေးဆွဲပြီးဖြစ်ပါတယ်။ နောက်ထပ် သင်ရိုးတွေကိုလည်း ဆက်လက်ရေးဆွဲနေပါတယ်။”

ဒါ့အပြင် အခြေခံပညာတတ်မြောက်ပြီး ကျောင်းသား ကျောင်းသူတွေကိုလည်း အဆင့်မြင့်တက္ကသိုလ်ပညာရေးကို မကြာခင် သင်ကြားပေးနိုင်ရေးအတွက်လည်း စီစဉ်မှုတွေ ရှိနေတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

အာရက္ခပညာရေးဌာနရဲ့ အမျိုးသားစာစစ်အဖွဲ့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် Grade-12 ကျောင်းသား ကျောင်းသူ ၇,၈၀၀ ကျော်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ စစ်ဆေးခဲ့တယ်လို့ ဦးခိုင်သုခရဲ့ ပြောကြားချက်အရ သိရပါတယ်။

လက်ရှိမှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် AA ထိန်းချုပ်မြို့နယ်တွေက ကျောင်းသား ကျောင်းသူတွေဟာ စာမေးပွဲစစ်ဆေးနိုင်ခြင်း မရှိသေးဘဲ စစ်မေးပွဲ စစ်ခွင့်ရရှိဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် အနာဂတ် ရခိုင်ပြည် တည်ဆောက်ရာမှာလည်း လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပြည့်ဝစေဖို့အတွက် ပညာရေးကဏ္ဍာဟာ အခရာကျတာကြောင့် တတ်သိပညာရှင်တွေ၊ ကျောင်းသား၊ မိဘ၊ ဆရာများအနေနဲ့ အာရက္ခပညာရေးကဏ္ဍမှာ ဝိုင်းဝန်းပေးကြဖို့လည်း AA က တိုက်တွန်းပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024