
ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ၅၀ ရပ်ကွက်၊ အနော်ရထာလမ်းမပေါ်က ကျူးကျော်တဲမှာ နေထိုင်သူတွေ အနေနဲ့ အုပ်ချုပ်ရေးမှူးရုံးကို စစ်မှုထမ်းကြေး တလ ကျပ် တသိန်းခွဲ ပေးနေရပြီး မပေးနိုင်ရင် နေအိမ်ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်တာကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
ကျူးကျော်တဲမှာ နေထိုင်သူတွေအနေနဲ့ လစဥ် စစ်မှုထမ်းပါဝင်သူဦးရေ အယောက် ၂၀ ရှိပြီး အဲဒီလူအယောက် ၂၀ အတွက် အုပ်ချုပ်ရေးမှူး ဦးလှစိန်နဲ့ ရာအိမ်မှူး ဦးကျော်ဦးတို့ကို တယောက် တသိန်းခွဲနှုန်းနဲ့ တလ ကျပ် သိန်း ၆၀ ပေးရတာလို့ ကျူးကျော်မှာနေထိုင်တဲ့ အမျိုးသမီးတယောက်က DVB ကို ပြောပါတယ်။
“ကျမဆို မုဆိုးမ၊ သားတယောက်ပဲ ရှိတာ၊ သူက ရှာကျွေးနေတာ၊ တနေ့လုပ်မှ တနေ့စားရတာ၊ တလကို ကျမတို့ ကျူးကျော်မှာ နေတဲ့သူတွေက စစ်မှုထမ်းဖို့ လူ ၂၀ စာရင်းပါတယ်၊ စစ်မှုမထမ်းချင်ရင် တအိမ်ကို တသိန်းခွဲ ပေးရတယ်၊ လူ ၂၀ စာ သိန်း ၆၀ ကို စုပြီး ရာအိမ်မှူး ဦးကျော်ကို ပေးရတာ။”
၅၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှစိန်ဟာ အနော်ရထာလမ်းက ကျူးကျော်နေသူတွေကို ရာအိမ်မှူး ဦးကျော်ဦး နေအိမ်မှာ စုပြီး သတ်မှတ်ရက်အတွင်း ကျပ်တသိန်းခွဲမပေးနိုင်တဲ့ အိမ်တွေကို ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်သလို အမျိုးသမီးငယ်တွေကို ခြေတော်တင်ဖို့အထိ ပြောဆိုလာတယ်လို့ အမျိုးသားတယောက်က DVB ကို ပြောပါတယ်။
“ကျူးကျော်မှာနေတဲ့ မိသားစုတွေထဲမှာ ယောကျ်ားတချို့ ရပ်ဝေးမှာ ပန်းရန်သွားလုပ်နေတာ ရှိတယ်။ အဲလိုလူတွေကို စစ်မှုထမ်းစာရင်းထဲထည့်ပြီး ကာမရယူဖို့ အုပ်ချုပ်ရေးမှူးက လုပ်တယ်။ ကောင်မလေးတယောက်ကို နင့်ယောကျ်ား စစ်မှုထမ်းလည်း မပါအောင်၊ ငွေလည်းမပေးရအောင် လုပ်ပေးလို့ရမယ့် အစီအစဥ်တခု ရှိတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက ပြောလို့ နောက်ရက် အဲဒီကောင်မလေး မနေရဲတော့ဘူး၊ ပြောင်းသွားတယ်။”
စစ်မှုထမ်းကိစ္စမှာ လူစားထိုး၊ ငွေကြေးတောင်းခံမှုတွေရှိရင် တိုင်ကြားနိုင်ပြီး မှန်ကန်ပါက အရေးယူ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကာကွယ်ဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဇူလိုင် ၃ ရက်မှာ ပြောဆိုခဲ့ပေမဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ တောင်းနေကြဆဲပါ။
လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က အသက်သွင်းခဲ့ပြီး မတ်လ ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆို အပတ်စဥ် ၁၅ အထိ ရောက်လာပြီဖြစ်ပါတယ်။