
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၆၅ ရပ်ကွက်၊ သရက်မြိုင် ၃ လမ်းမှာ ရာအိမ်မှူး ဦးဝကြီးနဲ့ ရပ်ကွက် ဥက္ကဋ္ဌ ဦးငွေဇင်တို့က ရပ်ကွက်နေ ပြည်သူတွေကို ခြိမ်းခြောက်ပြီး တအိမ်ကို ငွေကျပ် ၅ သိန်း စစ်မှုထမ်းကြေး ငွေညှစ်တောင်းခံနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
တောင်ဒဂုံမြို့နယ် ၆၅ ရပ်ကွက်၊ သရက်မြိုင် ၃ လမ်းက နေအိမ်တွေကို အဲဒီလို တောင်းခံနေတာ ဖြစ်ပြီး၊ အပြင်ကို သတင်းမပေါက်ကြားအောင်လည်း ခြိမ်းခြောက် ပြောဆိုထားတယ်လို့ ဆိုပါတယ်။
တောင်ဒဂုံမြို့နယ်နေ ပြည်သူတယောက်က “ပိုက်ဆံကိစ္စကိုလည်း အပြင်မသိအောင် လမ်းထဲက အိမ်တွေကို ပြောပါတယ်။ လူတွေကိုလည်း ရုံးကို မခေါ်ဘဲ ဥက္ကဋ္ဌက သူ့အိမ်ခေါ်ပြီး လာပေးခိုင်းပါတယ်။ ဖြစ်တာက ၉ ရက်နေ့ ၈ လပိုင်း ၂၀၂၅ ပါ။ ဒီနေ့ မနက်ကို ထပ်ပြီး လမ်းထဲကို အိမ်တွေက မိသားစုတွေကို ဥက္ကဋ္ဌက သူ့အိမ်လာခိုင်းပြီး ပိုက်ဆံကိစ္စ ညှိဖို့ ထပ်ခေါ်ပါတယ်။ အခုထိတော့ လမ်းထဲက အိမ်တွေ မသွားကြသေးပါဘူး” လို့ ပြောပါတယ်။
အဲဒီလို စစ်မှုထမ်းကြေး ငွေညှစ်တောင်းခံတာတွေကြောင့် စက်ရုံအလုပ်ဆင်းတဲ့ အလုပ်သမားတွေနဲ့ မိသားစုတွေ တော်တော် အခက်အခဲဖြစ် ဒုက္ခရောက်နေကြပြီး ပိုက်ဆံ မပေးနိုင်ရင် အိမ်မှာရှိတဲ့ လူကို စစ်မှုထမ်း ပေါ်တာဆွဲခေါ်သွားနိုင်တဲ့ အနေအထားရှိတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းအကြေးအနေနဲ့ တအိမ်ကို အနည်းဆုံး ငွေကျပ် ၅ သိန်း ကောက်ခံတယ်လို့ သိရပြီး၊ ပိုက်ဆံတတ်နိုင်တဲ့ အိမ်ကိုတော့ ဒီထက် ပိုများများပေးဖို့ ခြိမ်းခြောက်တောင်းခံတယ်လို့ သိရပါတယ်။