Home
မြန်မာသတင်း
ကျုံပျော်တွင် ပြည်ပအလုပ်လုပ်နေသူများအစား စစ်မှုထမ်းကြေး ကျပ် ၁ သိန်းတောင်း
DVB
·
July 6, 2025

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တိုက်ရွာကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ ပြည်ပမှာ သွားရောက်အလုပ်လုပ်နေသူတွေအစား စစ်မှုထမ်းထောက်ပံ့ကြေး တယောက်ကိုကျပ် ၁ သိန်း ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျော်မြင့်ဟာ ဇူလိုင်လ ပထမအပတ်ကစတင်ပြီးကျေးရွာ ၇ ရွာကနေ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့သူတွေအစား သီးသန့် စစ်မှုထမ်းထောက်ပံ့ကြေးလို့ဆိုပြီး တယောက်စာ ကျပ် ၁ သိန်း အထိ အဓမ္မကောက်ယူနေတာ လို့ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေက ဝင်ငွေလည်း ကောင်းသလို စစ်မှုထမ်းကိုလည်း ရှောင်နေသလိုဖြစ်နေတာဆိုပြီး အုပ်ကြီးက စစ်မှုထမ်း ထောက်ပံ့ကြေးကို သီးသန့်ကောက်နေတာ။ ၁ သိန်းတောင် ထည့်ရတာ” လို့ ပြောပါတယ်။

ငွေတွေကို ၅ ရက်အတွင်းအပြီးထည့်ဖို့နဲ့ သတ်မှတ်ရက်အတွင်း မထည့်ရင် ရပ်ရွာထဲမှာ ကျန်နေခဲ့တဲ့ မိသားစုကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ဟာ လစဉ်စစ်မှုထမ်း ထောက်ပံ့ကြေးအဖြစ် တအိမ်ကို ကျပ် ၃၀,၀၀၀ စီ သတ်မှတ်ကောက်ယူသလို ကင်းကြေး၊ ဧည့်စာရင်းတိုင်ကြေးတို့ကိုလည်း ကောက်ယူပြီး စစ်မှုထမ်းစနစ် စတင်ပြီးနောက် ကား ၂ စီးလည်းဝယ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo : MyoTun

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013