Home
မြန်မာသတင်း
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရန် မသမာသည့် နည်းလမ်းများ အသုံးပြုနေ
DVB
·
July 4, 2025

စစ်ကောင်စီဟာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်နိုင်ဖို့ မသမာတဲ့ နည်းလမ်းတွေကို အသုံးပြုနေပြီး အကြမ်းဖက်မှုတွေ ဖန်တီးနေတယ်လို့  အရပ်ဖက်အဖွဲ့တွေက ဝေဖန်နေကြပါတယ်။

လာမယ့် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလမှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပပြုလုပ်ဖို့ မသမာတဲ့ နည်းလမ်းတွေ အသုံးပြုနေပြီး နယ်မြေဒေသတွေကို မသမာတဲ့နည်းနဲ့ ပြောင်းလဲနေတာတွေ့ရှိရကြောင်း အရပ်ဘက် အဖွဲ့တွေက ထောက်ပြပြောပါတယ်၊။

၂၀၂၅ ခုနှစ် ဇွန် ၇ ရက်မှာ စစ်ကောင်စီဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲပြုလုပ်မယ့် မြို့နယ်ပေါင်းက ၂၆၇ မြို့နယ်ရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်တဲ့အတွက် စစ်ကောင်စီက တရားမဝင်အပြောင်းအလဲတွေ လုပ်နေကြောင်း ရှေ့ပြေးအသံ (Progressive Voice) တည်ထောင်သူ  ဒေါ်ခင်ဥမ္မာက ဝေဖန်ထောက်ပြပါတယ်။

“ရွေးကောက်ပွဲ လုပ်မယ့်နယ်မြေတွေကို သူသေသေချာချာ တွက်ချက်ပြီးတော့ အပြောင်းအလဲ လုပ်နေတယ်လို့ ကျမတို့မြင်တယ်၊ ဥပမာဆို အခုနောက်ဆုံး UEC က ‌ကြေညာသွားတဲ့ နေရာ တွေဆို ၂၆၇ မြို့နယ်လားသူတို့ပြောသွားတာရှိတယ်။ ဒါဆို ဒီနံပါတ်က ဘယ်ကနေထွက်လာတာလဲ၊  ဒီတော့ကျမတို့ကြည့်လိုက်ရင် သူသည် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဆိုပြီးတော့ ၂၀၁၀ နောက်ပိုင်းမှာ ရှိလာတဲ့ ဒီမိုဂရပ်ဖစ်နယ်မြေဧရိယာတွေကို သူလိုချင်တဲ့ တနည်းမဟုတ် တနည်းနဲ့ သူလုပ်လို့ရမယ့် နေရာတွေကို တရားမဝင်ထပ်ပြီး ခွဲထုတ်ထားတယ်။ ခွဲထုတ်ပြီးတော့မှ နယ်မြေများအောင် လုပ်ထားတယ်ဆိုတာကို ကျမတို့ မြေပြင်မှာ သုတေသနပြုလုပ်နေသူတွေဆီက တိုက်ရိုက်ကြား နေရတာရှိတယ်။ သူတို့ကိုယ်တိုင်ကြေညာတဲ့ဟာနဲ့ ကြည့်လိုက်တဲ့အခါ အဲတာကို တွေ့ရတယ်။ ဒါဟာ ကျမတို့ ပြည်သူတွေအနေနဲ့ နိုင်ငံရေး သတိအများကြီး ရှိရမယ့် ကိစ္စဖြစ်တယ်။”

၂၀၂၄ ခုနှစ် အောက်တိုဘာကနေ ဒီဇင်ဘာလအတွင်းကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းရဲ့ ‌ရှေ့ပြေးလူဦးရေစာရင်းမှာဆိုရင် မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁ ဒသမ ၃ သန်းသာ ရှိပြီး မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ ၁၄၅ ခုမှာသာ အပြည့်အဝကောက်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၅၈ မြို့နယ်မှာတော့ လုံးဝ ကောက်ယူနိုင်ခဲ့တာ မရှိဘဲ တချို့သောမြို့နယ်တွေမှာ တစိတ်ပိုင်းကောက်ယူနိုင်ခဲ့တာကြောင့် လူဦးရေ ၁၉ သန်းလောက်က ခန့်မှန်းတွက်ချက်ထားတဲ့ လူဦးရေစာရင်းတွေသာဖြစ်တယ်လို့ စောင့်ကြည့်တဲ့ အရပ်ဖက်အဖွဲ့တွေကထောက်ပြပါတယ်။ တခြားသော အရပ်ဖက်အဖွဲ့တခုရဲ့ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတယောက်ကတော့ အဲဒီ နယ်မြေအရေအတွက် ကိန်းဂဏန်းတွေဟာ စစ်ကောင်စီရဲ့ ထောက်ချောက်ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

နိုင်ငံရေး စောင့်ကြည့်လေ့လာသူတယောက်က “ရွေးကောက်ပွဲ ဥပဒေတွေကိုဖတ်ကြည့်ရင် စုစုပေါင်းပျမ်းမျှ သူလိုတဲ့ seat က အများကြီး မရှိဘူး။ လွှတ်တော် ၂ ရပ်ပေါင်း ၆၀၀ ကျော်မှာ ၃ ပုံ ၂ ပုံရရင်ကို သူ့အတွက်အဆင်ပြေတယ်လို့ ကျနော်တို့ယူဆလို့ရတယ်။ အဲဒါ ၂၀၀ ကျော်ထဲမှာမှ ၁၀၀ ကျော်နီးပါးက စစ်တပ်က appoint လုပ်တာဆိုတော့ သူလိုတာက ၅၀ ကျော်လောက်ပဲ လိုတော့မယ်လို့ ကျနော်တို့နားလည်တယ်။ သူဘာလို့ အဲဒီလောက် အများကြီး ပြောနေတာလဲပေါ့၊ ကျနော်မြင်တာကတော့ သူတမင်ကို ဂဏန်းတွေ အများကြီးပြောနေတာကို သုံးသပ်လို့ ရတယ်၊ ဘာလို့လဲဆိုတော့ သူမြေပြင်မှာ အဲဒီလောက်မထိန်းချုပ်နိုင်တာ အားလုံးသိနေတဲ့ ကိစ္စပေါ့။ open secret ဖြစ်နေတာကို ကျနော်ထင်တယ် သူတို့ကတော့ ရွေးကောက်ပွဲကို ဒီနေရာမှာ လုပ်ဖို့ကြိုးစားပါတယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်မယ့်သူတွေလည်း ရှိပါတယ်ဆိုတဲ့ဟာမျိုးနဲ့  အကြမ်းဖက်မှုဖြစ်နိုင်တဲ့ဟာမျိုး  ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ဖြစ်နိုင်တဲ့ဟာမျိုးကို ဖိတ်ခေါ်တဲ့ ဟာလိုမျိုး ဒါကထောင်ချောက်လိုမျိုးဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

ပါတီဆက်လက်တည်‌ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီပေါင်းက  စုစုပေါင်း  ၇၇ ပါတီရှိပြီး ၅၆ ပါတီကိုတော့ မှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့ မြိုတိုင်းရင်းသားပါတီနဲ့ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီတို့က ပြန်လည်ဖျက်သိမ်းခဲ့တာကြောင့် လက်ရှိမှာတော့ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ခြေရှိတဲ့ တည်ဆဲ ပါတီပေါင်း  ၅၄ ပါတီ ရှိနေပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013