Home
မြန်မာသတင်း
တရုတ် ကြားဝင်စေ့စပ်မှုဖြင့် MNDAA နှင့် စစ်ကောင်စီ လားရှိုးတွင် တွေ့ဆုံဆွေးနွေး
DVB
·
July 4, 2025
Photo: Local

စစ်ကောင်စီ ပြန်လည်တောင်းယူထားတဲ့ လားရှိုးမှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဇွန် ၃၀ ရက်က MNDAA နဲ့ စစ်ကောင်စီ တွေ့ဆုံ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “ဇွန်လ ၂၇ ရက် သောကြာနေ့က လားရှိုး ထွေအုပ်ရုံးမှာ စည်းဝေးလုပ်ကြတယ်။ အဲဒီနောက် ဇွန်လ ၃၀ ရက် တနင်္လာနေ့က လားရှိုး ဆင်နှစ်ကောင်ဟိုတယ်မှာ တရုတ်တွေနဲ့ အစည်းအဝေး လုပ်တယ်နေကြတာလို့ ပြောပြကြတယ်။ ဆင်နှစ်ကောင်ဘက်သွားတော့ လမ်းတွေ ပိတ်ထားတယ်” လို့ ပြောပါတယ်။

ဇွန် ၂၈ ရက်က လားရှိုး-သိန္နီလမ်းမှာ တရုတ်နိုင်ငံဘက်က ကား ၄ စီးခန့် အပါအဝင် MNDAA စစ်သားတွေပါတဲ့ကား ၁၀ စီးကျော် လားရှိုးဘက် ဆင်းလာတာ တွေ့ခဲ့တယ်လို့ သူက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကို လေ့လာ စောင့်ကြည့်နေတဲ့ အမျိုးသားတယောက်က “လားရှိုး အစည်းအဝေး ရလဒ်က မန္တ‌လေး-မူဆယ် လမ်းကြောယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဩဂုတ်လ နောက်ဆုံးထားပြီး အကုန်ဆုတ်ရမယ်လို့ သိရတယ်။ အစည်းအဝေးမှာ တခြားအဖွဲ့တွေ မပါဘူး” လို့ ပြောပါတယ်။

သိန္နီကို ဇူလိုင်လအတွင်း စစ်ကောင်စီက ပြန်နေရာယူမယ်လို့ ယူဆရပြီး တရုတ်အစိုးရကတော့ မန္တ‌လေး-မူဆယ် လမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံး ခွာပေးဖို့ တိုက်တွန်းနေတယ်လို့ သိရပါတယ်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ သိန္နီ အပါအဝင် မူဆယ်-မန္တလေး လမ်းမမှာ စစ်ကောင်စီတပ် ချထားဖို့လည်း ဆွေးနွေးတယ်လို့ သိရပြီး ဟိုယဘက်က MNDAA တပ်ဖွဲ့တွေကတော့ ပြီးခဲ့တဲ့ ဇွန် ၂၈ ရက် ညနေကတည်းက လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်လို့ ဒေသခံကပြောပါတယ်။

KIA နဲ့ နီးစပ်သူတယောက်က “ဒီ ကုန်သွယ်ရေးလမ်းမကြီးက ဘယ်လိုပဲဖြစ်ဖြစ် တရုတ်အစိုးရ မွှေကူလို့ နဂိုကအတိုင်း စစ်ကောင်စီကို ပြန်ပေးရမှာ သေချာပြီးသားပါပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ တရုတ်ဘက်က မူဆယ်-မန္တလေး ကုန်သွယ်ရေး လမ်းမကြီးကို မရမချင်း ပြန်ကြိုးစားနေကြတာဖြစ်ပြီး KIA တပ်ဖွဲ့ အနေနဲ့လည်း အရင်တုန်းကလို တောဘက်ပြန်နေပေးရမယ့် အနေအထား တွေ့လာရတယ်လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေ ယူနီဖောင်းမပါဘဲ သိန္နီဘက် ဝင်ရောက်နေတာတွေ ရှိနေတယ်လို့ သိရကြောင်းလည်း ဆိုပါတယ်။

လားရှိုးဒေသခံတွေကဝောာ့ သိန္နီမြို့ကို လားရှိုးလိုပဲ မြို့ပေါ်ပဲ ပြန်ပေးမယ်လို့ သတင်းထွက်နေပေမဲ့ မြို့ပေါ်မှာ MNDAA တပ်ဖွဲ့ဝင်တွေကိုယ်တိုင် သန့်ရှင်းရေးတွေ သေသေချာချာ လုပ်‌နေကြတာ တွေ့ရကြောင်း၊ လားရှိုးတုန်းက စစ်ကောင်စီကို ပြန်ပေးရခါနီး ဘာမှမလုပ်ဘဲ ပစ်ထားတာ တွေ့ရကြောင်း၊ ဒီလို ကွာခြားချက် ရှိနေတာကြောင့် သိန္နီပြန်ပေးဖို့ သေချာတယ်လို့ မှတ်ယူလို့မရကြောင်း သုံးသပ် ပြောဆိုကြပါတယ်။

MNDAA တပ်ဖွဲ့ဘက်ကတော့ ကွမ်းလုံမြို့အထိတောင် မရည်ရွယ်ဘူးလို့ စစ်ကောင်စီဘက်က ပြောထားတာရှိကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

မူဆယ်-မန္တလေး ကုန်သွယ်ရာလမ်းမကြီးရဲ့ လမ်းပိုင်းဖြစ်တဲ့ သိန္နီအထက်ပိုင်းကို မြောက်ပိုင်း မဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမအပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး လားရှိုး အပါအဝင် အောက်ဘက်ပိုင်း နောင်ချို အထိကိုတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းမှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Photo: Local 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013