Home
မြန်မာသတင်း
မြန်မာပလာဇာ လူသတ်မှုတွင် ပြစ်မှုကျူးလွန်သူ ၁ ဦး ဖမ်းမိ
DVB
·
August 11, 2025

အကြွေးမပေးနိုင်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အမျိုးသမီးကို ရန်ကုန်မြို့၊ မြန်မာပလာဇာ ယာဉ်ရပ်နားရာ နေရာမှာ ဓားနဲ့ထိုးခုတ်သတ်ခဲ့ ၂ ယောက်ထဲက တယောက်ကို ဖမ်းမိထားတယ်လို့  စစ်ကောင်စီ ပြန်ကြားရေးက  သြဂုတ် ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၆ ရက်က မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲမှာ ပြစ်မှုကျူးလွန်သူ ကိုမြတ်သူရကျော်ကို သူ့ရဲ့ ဇနီးဖြစ်သူနဲ့အတူ ရဲတွေက ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

မြန်မာပလာဇာကားရပ်တဲ့နေရာမှာ  သြဂုတ် ၅ ရက် ညနေ ၄ နာရီခွဲက တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့ ဒေါ်စမ်းစမ်းအေးနဲ့ မိတ်ဆွေဖြစ်သူ ဦးအလတ်ခန်ရေနဲ့ အတူ နေအိမ်ကို ပြန်ဖို့ ကားဆီကိုအလာမှာ အမျိုးသား ၂ ယောက်က ဓားနဲ့ ထိုးခုတ်သတ်ခဲ့တာပါ။

အဆိုပါဖြစ်စဥ်မှာ ဒေါ်စမ်းစမ်းအေး သေဆုံးခဲ့ပြီး ဦးအလတ်ခန်ရေကတော့ ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရပါတယ်။

ပြစ်မှုကျူးလွန် ၂ ယောက်ထဲကတယောက်ဟာ မိခင်ဖြစ်သူနဲ့ ဆောက်လုပ်ရေးလုပ်ငန်း အတူလုပ်တဲ့ ကိုမြတ်သူရကျော်ဖြစ်ကြောင်း  ဒေါ်စမ်းစမ်းအေးရဲ့ သမီးဖြစ်သူက ပြောဆိုခဲ့လို့ ရဲတွေက ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဗဟန်းမြို့မရဲစခန်းနဲ့နီးစပ်သူ တယောက်က "ဖြစ်စဥ်မှာ မြတ်ကျော်သူရကို သူမိန်းမနဲ့ မြစ်ငယ် ထုံးဘိုလမ်းခွဲမှာ မိတာပါ။ နောက်တယောက်က  မမိသေးပါဘူး အကြွေးမပေးနိုင်လို့ လုပ်ကြံသတ်ဖြတ်တာလို့ စခန်းမှာထွက်ဆိုထားတယ်။  လွတ်နေတဲ့တယောက်က ကြေး စားငှားထားတာပါ"လို့ ပြောပါတယ်။

ဒေါ်စမ်းစမ်းအေးသေဆုံးမှုမှာ  ပြစ်မှုကျူးလွန်သူ ၂  ယောက်ကို ဗဟန်းမြို့မရဲစခန်းက အမှုဖွင့်လှစ်ထားပြီး လွတ်မြောက်နေတဲ့ ကြေးစားလူသတ်သမားကို ထပ်မံဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013