Home
မြန်မာသတင်း
ရန်ကုန်တွင် တိုက်ခန်းငှားခ ဈေးတက်၊ ယောက်ျားလေးများ စုပေါင်း တိုက်ခန်းငှားရမ်းရန် ခက်ခဲ 
DVB
·
August 4, 2025

ရန်ကုန်မြို့မှာ နယ်ကရောက်လာတဲ့ ငလျင်ဘေးနဲ့ စစ်ဘေးတိမ်းရှောင်သူတွေ ပိုများလာပြီး တိုက်ခန်းငှားခ ဈေးနှုန်းတွေ မြင့်တက်လာသလို၊ နိုင်ငံရေး အခြေနေကြောင့် ယောက်ျားလေးတွေ စုပေါင်း ငှားရမ်းဖို့ ခက်ခဲလာနေပါတယ်။ 

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က အင်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် ငလျင်ဘေးသင့်ဒေသ၊ စစ်ဘေးသင့်ဒေသတွေကနေ ရန်ကုန်ကို ပြောင်းရွှေ့လာသူတွေ ပိုများလာပြီး တိုက်ခန်း အငှားဈေးကွက်က ၃ ဆ နီးပါး မြင့်တက်လာတယ်လို့ တိုက်ခန်းငှား နေထိုင်သူတွေက ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့‌ နေရာတွေတင်မကဘဲ အချက်အချာမကျတဲ့ နေရာတွေမှာ တိုက်ခန်းငှားခ ဈေးနှုန်းတွေက စစ်တပ် အာဏာမသိမ်းခင် ကာလထက် ၃ ဆနီးပါး သိသိသာသာ မြင့်တက်လာတာလို့ ဆိုပါတယ်။

လူငယ်အများစု ငှားရမ်းနေထိုင်ကြတဲ့ ကမာရွတ်မြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့မှာ တိုက်ခန်းငှားခက တလကို ကျပ် ၄ သိန်းခွဲ၊ ၅ သိန်းဝန်းကျင် ရှိပြီး၊ နိုင်ငံရေးအခြေအနေအရ တိုက်ခန်းတွေမှာ ယောက်ျားလေးတွေ စုပေါင်းငှားရမ်းဖို့ အဆင်မပြေဘူးလို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ ကိုညီညီက “ကျနော် လက်ရှိ နေနေတဲ့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာဆိုရင် လက်ရှိ ငှားနေတဲ့ တိုက်ခန်းဆိုရင် တလကို  ၄ သိန်း ပေးရတယ်။ ဒီ ၄ သိန်းက အခန်းငှားခပဲ ရှိသေးတယ်။ မီးဖိုး ရေဖိုးပါ ထည့်တွက်မယ်ဆို ပျမ်းမျှ ၁ သိန်းဝန်းကျင်လောက် ကျတယ်။ တလကို မကုန်ဘူးဆိုရင်တောင် ၅ သိန်း၊ ၅ သိန်းခွဲလောက် ကုန်တယ်။ အိမ်လခ ရှိမယ်၊ ရေဖိုး မီးဖိုး ပါမယ်။ ဒီနှုန်းထားနဲ့ ဝင်ငွေနဲ့ အဆင်ပြေလားဆိုရင် ကျနော့် အနေနဲ့ များတယ်။ နေထိုင်ဖို့ သီးသန့်အတွက်ပဲ တလကို ၅ သိန်းလောက် ကုန်တာ တော်တော်လေးတော့ များတယ်ပေါ့။ လွန်ခဲ့တဲ့ ၂၀၂၀ - ၂၀၂၁  ကာလတုန်းကဆို တိုက်ခန်းတခန်းကို ၂ သိန်း၊ ၂ သိန်းခွဲပဲ ပေးရတယ်။ ၂၀၂၀ ခုနှစ်လောက်ကဆို တော်တော်လေး အဆင်ပြေတယ်။ ရန်ကုန်မှာ ကြုံနေရတဲ့ ပြဿနာက ဘာလဲဆိုတော့ အိမ်ရှင်က မေးတယ်။ ယောက်ျားလေးဆိုရင် ဘယ်နှယောက် နေမှာလဲ။ ယောက်ျားလေး ၃၊ ၄ ယောက် နေမယ်ဆိုလည်း မငှားပြန်ဘူး။ အဓိက နိုင်ငံရေးအခြေအနေကြောင့်လည်း ပါတာပေါ့။ အဲဒီလိုတွေ ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။

ရန်ကုန်မှာ တိုက်ခန်းငှားခတွေ ဆက်တိုက် မြင့်တက်လာတာကြောင့်လည်း မြို့စွန်တွေမှာရှိတဲ့ ငှားရမ်းခသက်သာတဲ့ အခန်းတွေမှာ နေထိုင်တာ ပိုများလာပြီး၊ မိသားစုလိုက်တွေ စုပေါင်း နေထိုင်တာတွေလည်း ရှိလာတယ်လို့ စုပေါင်းငှားရမ်းသူတွေက ပြောပါတယ်။

တိုက်ခန်းခတွေက စာချုပ်တခါ ချုပ်ရင် အနည်းဆုံး ၆ လချုပ်ရပြီး၊ စစ်ရှောင်တွေ များလာတာ၊ ငလျင်သင့်ဒေသက ပြောင်းရွှေ့လာသူတွေ များလာတာတွေကြောင့် တိုက်ခန်းအငှားဈေးက စာချုပ်တခါ ပြည့်တိုင်းမှာ ကျပ် ၅၀,၀၀၀ ကနေ တသိန်းအထိ ဈေးတက်လာတယ်လို့ တိုက်ခန်းငှား နေထိုင်သူတွေက ပြောပါတယ်။

အင်းစိန်မှာ နေထိုင်သူတယောက်က “ရန်ကုန်မှာက စစ်ရှောင် ရွှေ့ပြောင်းတွေက တော်တော့်ကို အများကြီး တွေ့ရတယ်။ တိုက်ခန်းဈေးနှုန်းက အငှားဈေးနှုန်းက အထပ်မြင့်တွေက အောက်ပိုင်းတွေဆို ၄ သိန်းကျော်၊ ၅ သိန်း ဝန်းကျင်ပဲ အဲဒီလို အငှားဈေး ပေါက်နေတာ”လို့ ပြောပါတယ်။

အင်အားပြင်းငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ အဆောက်အအုံပေါင်း သောင်းနဲ့ချီ ထိခိုက် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ 

ငလျင်ဒဏ်ကို အများဆုံး ထိခိုက်ကြုံတွေ့ခဲ့ရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမြို့တို့မှာ  ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ အပြည့်အဝ မလုပ်ကိုင်နိုင်သေးဘဲ အဲဒီဒေသက ငွေကြေး တတ်နိုင်သူတွေကတော့ ပြင်ဦးလွင်၊ ရန်ကုန် စတဲ့ နေရာတွေကို ပြောင်းရွှေ့ နေထိုင်ကြတယ်လို့ သိရပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013