
ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာပလာဇာ ယာဉ်ရပ်နားရာနေရာမှာ သြဂုတ် ၅ ရက် ညနေ ၅ နာရီ ဝန်းကျင်က အမျိုးသမီးတယောက် ဓားနဲ့ထိုးသတ်ခံရတယ်လို့ ပလာဇာ လုံခြုံရေးကနေ သိရပါတယ်။
အသက် ၆၀ ဝန်းကျင် အမျိုးသမီးတယောက်ကို အမျိုးသား ၂ ယောက်က ဓားနဲ့ ထိုးသွားတာ ဖြစ်တယ်လို့ မြန်မာပလာဇာက Car Parking လုံခြုံရေးဝန်ထမ်းတယောက်က ပြော ပါတယ်။
"Car Parking ဆိုတော့ လုံခြုံရေးကနည်းတယ်။ ရှိတော့ရှိတယ်။ အသတ်ခံရတဲ့ အမျိုးသမီးကို တွေ့တွေ့ချင်း ရဲကိုဖုန်းဆက်အကြောင်းကြားလိုက်တာပေါ့။ အသေးစိတ်ကို တာဝန်ရှိသူတွေက စုံစမ်းနေတုန်းပါ။”
အဆိုပါအမျိုးသမီးကို ဓားဒဏ်ရာတွေနဲ့ တွေ့တာကြောင့် လုံခြုံရေးအဖွဲ့တွေက လူနာတင်ကားခေါ်ကာ ဆေးရုံပို့ခဲ့ကြပေမဲ့ လမ်းမှာပဲ သေဆုံးခဲ့တာလို့လည်း လုံခြုံရေးက ပြောပါတယ်။
CCTV မှတ်တမ်းအရ အမျိုးသား ၂ ယောက်က လုပ်ကြံ သတ်ဖြတ်တာဖြစ်နိုင်တယ်လို့ သိရပြီး ရဲတပ်ဖွဲ့က ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
သေဆုံးသွားသူဟာ ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘာကြောင့် သတ်သွားတာလဲ ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ ဒီလူသတ်မှုနဲ့ပတ်သက်ပြီး မြန်မာပလာဇာကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။