
မနှစ်က ဒီလိုအချိန်မှာ၊ Gen Z (ဂျန်ဇီး) လို့ ခေါ်ကြတဲ့ ၁၉၉၇ ကနေ ၂၀၁၂ အတွင်း မွေးဖွားတဲ့ လူငယ်မျိုးဆက် ဦးဆောင်တဲ့ လူထုတော်လှန်ရေးကြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
တိုင်းပြည်ကို ၁၅ နှစ်ကြာ အုပ်ချုပ်ရင်း အာဏာရှင်ဆန်လာတဲ့ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာဟာ ၂၀၂၄ ဩဂုတ် ၅ ရက်မှာ တိုင်းပြည်က ထွက်ပြေးခဲ့ရပါတယ်။
စိုးရိမ်နေကြသလို စစ်အာဏာသိမ်းမှု ဖြစ်မလာအောင် ဒီ ဂျန်ဇီး ကျောင်းသားတွေကပဲ ဦးဆောင် ဟန့်တားနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ တိုင်းပြည်ကို ယာယီဦးဆောင်ဖို့၊ အာဏာရှင်ဆန်တဲ့ အုပ်စိုးမှုမျိုး နောက် တခါ ထပ်ဖြစ်မလာစေဖို့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ် ဦးဆောင်တဲ့ ယာယီအစိုးရတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီမိုကရေစီ အရုဏ်ဦးကို ရောက်ပြီလို့ ထင်ခဲ့ကြတာပါ။
ဒါပေမဲ့ တနှစ်ကြာပြီးနောက်မှာတော့ တော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ သူ့နေရာမှာ ကြောက်ရွံ့မှုနဲ့ စိတ်ပျက်အားငယ်မှုတွေက အစားထိုးဝင်ရောက်လာပြီလို့ ဝေဖန်သံတွေ ညံလာပါတယ်။ စည်းလုံးမှုတွေ ပျောက်ဆုံးသွားပြီလား၊ ကတိစကားတွေဟာ လေထဲမှာပဲ ဒီပေးဆပ်မှုတွေဟာ အလကားပဲလားဆိုတာ မေးခွန်းထုတ်လာကြပါတယ်။
အပိုင်း (၁) Gen Z တွေက စခဲ့တဲ့ ခြေလှမ်း
ဩဂုတ် ၅ ရက်နေ့ဟာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ထွက်ပြေးတိမ်းရှောင်ခဲ့တာ တနှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ သွေးထွက်သံယို နှိမ်နင်းမှုတွေကို အံတုခဲ့တဲ့ တလကြာ လူထုတော်လှန်ရေးကြီး အောင်ပွဲရခဲ့တဲ့နေ့ပါ။ ဒါဟာ ဗိုလ်ချုပ်တွေရဲ့ အာဏာသိမ်းမှုမဟုတ်ခဲ့သလို၊ နိုင်ငံရေးသမားတွေရဲ့ အကွက်ချစီစဉ်မှုလည်း မဟုတ်ခဲ့ပါဘူး။ ဒါဟာ လူငယ်တွေ၊ နည်းပညာနဲ့ရင်းနှီးကျွမ်းဝင်တဲ့ Generation Z တွေ မောင်းနှင်ခဲ့တဲ့ တော်လှန်ရေးတခု ဖြစ်ပါတယ်။
အစပိုင်းမှာတော့ အသေးစား တောင်းဆိုချက်တခုတည်းနဲ့ စတင်ခဲ့တာပါ။ အစိုးရအလုပ်တွေကို ခွဲတမ်းစနစ်နဲ့ ခန့်အပ်မှုကို ပြုပြင်ပြောင်းလဲပေး တောင်းဆိုဆန္ဒပြရာကစခဲ့တာပါ။ ဒါပေမဲ့ အစိုးရရဲ့ တုံ့ပြန်မှုက ရက်စက်လွန်းခဲ့ပါတယ်။ ဝန်ကြီးချုပ် ဟာဆီနာရဲ့ တိုက်ရိုက်အမိန့်ပေးမှုကြောင့်လို့ ယူဆရတဲ့ အခြေအနေအောက်မှာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လူထုအုံကြွမှုအတွင်းမှာ အနည်းဆုံး လူ ၁၄၀၀ လောက် အသတ်ခံခဲ့ရပါတယ်။ ကျောင်းသားလူငယ်တွေ ပစ်သတ်ခံရတယ်။ မနေနိုင်တဲ့ မိဘတွေပါ ပါဝင်လာကြတယ်။
ကျောင်းသားဆန္ဒပြမှုတွေကို အကြမ်းဖက်မှု နှိမ်နင်းခဲ့တာကြောင့် နိုင်ငံလုံးဆိုင်ရာ လူထုအုံကြွမှုကြီး တော်လှန်ရေးကြီးဖြစ်သွားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် အဘူဆိုင်ယဒ် ဆိုသူ ပစ်သတ်ခံရလို့ သေဆုံးခဲ့ရတဲ့ ဗီဒီယိုဟာ လူထုကို လှုပ်နှိုးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။ ၁၅ နှစ်ကြာ ဖိနှိပ်ခံခဲ့ရမှုတွေ၊ မဲခိုးမှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကနေ စုပုံလာတဲ့ မကျေနပ်မှုတွေဟာ လမ်းမတွေပေါ်မှာ ပေါက်ကွဲထွက်လာခဲ့ပါတော့တယ်။
ဩဂုတ် ၅ ရက်နေ့မှာတော့ အရာအားလုံး ပြီးဆုံးသွားခဲ့ပါတယ်။ ဟာဆီနာ မရှိတော့ဘူး။ တနိုင်ငံလုံးက သူတို့ရဲ့ ကြိုးပမ်းရယူခဲ့တဲ့ လွတ်လပ်မှုကို အောင်ပွဲခံခဲ့ကြတယ်။ ၃ ရက်အကြာမှာတော့ မိုဟာမက်ယူနွတ်စ်ကို ကြားဖြတ်အစိုးရတရပ်ကို ဦးဆောင်ဖို့ တာဝန်ပေးခဲ့ပါတယ်။ တာဝန်က ရှင်းလင်းပါတယ်၊ တရားဥပဒေစိုးမိုးရေး ပြန်လည်တည်ဆောက်ဖို့၊ နက်ရှိုင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့နဲ့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ပါပဲ။ မျှော်လင့်ချက်တွေ အထွတ်အထိပ် ရောက်ခဲ့တဲ့ကာလပေါ့။
အပိုင်း (၂) ဥပဒေစိုးမိုးမှုပြဿနာ
ဒါပေမဲ့ တနှစ်ကြာတဲ့အခါမှာတော့ အဲဒီမျှော်လင့်ချက်တွေဟာ ကြောက်ရွံ့မှုအသစ်တမျိုးကြောင့် အသက်ရှူကျပ်လာရပါတယ်။ အာဏာတည်ဆောက်ပုံအဟောင်း ပြိုကွဲသွားတဲ့အခါ လစ်ဟာမှုတခု ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီနေရာကို ရာဇဝတ်ကောင်တွေက ဝင်ရောက်ဖြည့်ဆည်းနေကြပါတယ်။ တရားဥပဒေစိုးမိုးရေး က ပြိုလဲလာပါတယ်။
လူသတ်မှု၊ ပြန်ပေးဆွဲမှုနဲ့ ငွေညှစ်မှုတွေဟာ ပျံ့နှံ့နေပါတယ်။ ဒါကာမြို့မှာ မကြာသေးခင်က စီးပွားရေးသမားတယောက်ကို နေ့ခင်းကြောင်တောင် အုတ်ခဲတွေနဲ့ ဝိုင်းရိုက်သတ်ဖြတ်ခဲ့ပါတယ်။ လူတွေဟာ မှောင်ရင် အပြင်မထွက်ရဲကြတော့ဘူး။ အစိုးရရဲ့ တုံ့ပြန်မှုဖြစ်တဲ့ 'Operation Devil Hunt' လို့ခေါ်တဲ့ စစ်တပ်-ရဲ ပူးပေါင်းစစ်ဆင်ရေးမှာ လူပေါင်း ၁၀,၀၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ပေမဲ့ အကြမ်းဖက်မှုတွေကိုတော့ မထိန်းချုပ်နိုင်သေးပါဘူး။
ရဲတပ်ဖွဲ့ဟာ လက်ရှိမှာ လုပ်ငန်းတွေ ရပ်တန့်သလောက် ဖြစ်နေပါတယ်။ ဟာဆီနာလက်ထက်တုန်းက သူတို့ကို ကာကွယ်သူတွေအဖြစ်ထက် ဖိနှိပ်သူတွေအဖြစ် လူတွေက မြင်ခဲ့ကြတယ်။ အဲဒီ လူထုမယုံကြည်မှုက အခုချိန်မှာ အကြီးမားဆုံး အားနည်းချက်တခု ဖြစ်နေပါတယ်။ ရဲတော်တော်များများက တာဝန်ယူဆောင်ရွက်ဖို့ တွန့်ဆုတ်နေကြတယ်။ ရဲတပ်ဖွဲ့ထဲမှာလည်း ပရမ်းပတာဖြစ်နေတယ်။ အစိုးရဟောင်းလက်ထက်က ဘေးဖယ်ခံထားရတဲ့ သူတွေကို ရာထူးတိုးပေးခဲ့ပေမဲ့ အရင်အစိုးရကို သစ္စာခံနေဆဲ ဂျူနီယာတွေရဲ့ ဆန့်ကျင်မှုကို ခံနေရတယ်ဆိုပါတယ်။ဒေသခံ သတင်းပေးကွန်ရက်တွေလည်း ပြိုကွဲသွားပြီ။ လွယ်လွယ်ပြောရရင် နောက်ဆုံးမှာ ရာဇဝတ်ကောင်တွေတောင် ရဲကို မကြောက်တော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။
အပိုင်း (၃) စည်းလုံးမှုပြိုကွဲခြင်း
လမ်းမတွေပေါ်မှာ မြင်တွေ့နေရတဲ့ အက်ကြောင်းတွေလိုပဲ နိုင်ငံရေးအခင်းအကျင်းမှာလည်း အက်ကြောင်းထင်လာပါတယ်။ ဟာဆီနာကို ဖြုတ်ချနိုင်ခဲ့တဲ့ စည်းလုံးညီညွတ်မှုဟာ အတိတ်မှာ ဝိုးတဝါး ဖြစ်သွားခဲ့ပါပြီ။ အခုတော့ အာဏာလုပွဲတခု ဖြစ်နေပါပြီ။ ပါတီအားလုံးက ကြားဖြတ်အစိုးရကို လူသိရှင်ကြား ထောက်ခံတယ်လို့ ပြောနေကြပေမဲ့ ရှေ့ဆက်ရမယ့်လမ်းနဲ့ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း သဘောထားကွဲလွဲနေကြပါတယ်။
တချိန်က အကြီးဆုံးအတိုက်အခံပါတီဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ်ပါတီ (BNP) ကကျတော့ ရွေးကောက်ပွဲ စောစောကျင်းပချင်ပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာ ကြီးကြီးမားမား ပြုပြုပြောင်းလဲမှုမျိုးကို ဆန့်ကျင်ပါတယ်။
ဂျာမတ်အီအစ္စလာမီ (JI) နဲ့ နေရှင်နယ်စီတီဇင်ပါတီ ( NCP) တို့က ကျတော့ ရွေးကောက်ပွဲတွေ မလုပ်ခင်မှာ ၂၀၂၄ လူသတ်မှုတွေအတွက် တရားမျှတမှုနဲ့ နက်ရှိုင်းတဲ့ ပြုပြင်ပြောင်းလဲမှုများတွေ အရင်လုပ်စေချင်ကြပါတယ်။
နိုင်ငံကို ဘယ်လိုပြန်တည်ဆောက်မလဲဆိုတဲ့ကိစ္စမှာလည်း အဓိက သဘောထားကွဲလွဲနေကြပါတယ်။ နိုင်ငံလုံးဆိုင်ရာ ဘုံသဘောတူညီချက်ရယူရေးကော်မရှင် (NCC) က ဝန်ကြီးချုပ်ရဲ့ သက်တမ်းကန့်သတ်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲမှုလို ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အဆိုပြုခဲ့ပါတယ်။
ကျောင်းသားခေါင်းဆောင်တွေနဲ့ တချို့ပါတီတွေက ဒီအပြောင်းအလဲတွေလုပ်ကိုလုပ်ရမယ်၊ အလျှော့ပေးလို့မရဘူးလို့ တောင်းဆိုနေကြတယ်။ စနစ်အပျက်ကြီးနဲ့တော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပလို့မရဘူးလို့ ထောက်ပြကြပါတယ်။
ဒါပေမဲ့ အခု လက်ရှိအကြီးဆုံး နိုင်ငံရေးအင်အားစုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ်ပါတီ (BNP) ကတော့ တမျိုးမြင်ပါတယ်။ နက်ရှိုင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေရင် အချိန်ကြာနေမယ်လို့ ယူဆပြီးတော့ သူတို့နိုင်ဖို့ အခြေအနေအကောင်းဆုံးဖြစ်နေတဲ့ ရွေးကောက်ပွဲနိုင်ငံရေးဆီ အမြန်ဆုံးပြန်သွားချင်နေပါတယ်။
တချိန်က ဟာဆီနာကို ဆန့်ကျင်တဲ့နေရာမှာ မဟာမိတ်တွေဖြစ်ခဲ့တဲ့ BNP နဲ့ ဂျာမတ်-အီ-အစ္စလာမီ ပါတီတွေ အခုတော့ အကျင့်ပျက်ခြစားမှု၊ သစ္စာဖောက်မှုတွေနဲ့ အပြန်အလှန် လူသိရှင်ကြား စွပ်စွဲနေကြပါပြီ။ တချိန်တည်းမှာပဲ ကျောင်းသားတွေဦးဆောင်တဲ့ NCP ပါတီ ဟာ ကြားဖြတ်အစိုးရရဲ့ ကျောထောက်နောက်ခံနဲ့ အားကောင်းလာတယ်လို့ သုံးသပ်မှုတွေရှိလာပါတယ်။
ဂိုပယ်ဂန်ချ့်မှာ တင်းမာမှုတွေ ပေါက်ကွဲထွက်လာခဲ့ပါတယ်။ NCP ပါတီယာဉ်တန်းတခုကို ဟာစီနာ အဝါမီလိဂ် သစ္စာခံဟောင်းတွေက တိုက်ခိုက်တယ်ဆိုပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့လို့ လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရင်ခွဲစစ်ဆေးမှုမရှိဘဲ မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ် ဟာဆီနာမရှိတော့ရင်တောင် နိုင်ငံတော်အဆင့် အကြမ်းဖက်မှုတွေဟာ ခြိမ်းခြောက်မှုတခုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ဖော်ပြနေပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုကလည်း လက်လှမ်းမမီနိုင်သေးဘူးဆိုတာကို ကြောက်စရာကောင်းလောက်အောင် သတိပေးလိုက်တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။
အပိုင်း (၄) ပျောက်ဆုံးလာတဲ့ အမျိုးသမီးကဏ္ဍ
တော်လှန်ရေးကာလတုန်းက အမျိုးသမီးတွေဟာ တော်လှန်ရေးရဲ့ နှလုံးသည်းပွတ်တွေ ဖြစ်ခဲ့ကြပါတယ်။ သူတို့ဟာ ဒီမိုကရေစီနဲ့ တန်းတူညီမျှမှု နှစ်မျိုးစလုံးပါဝင်တဲ့ အနာဂတ်ကို အိပ်မက်မက်ရင်း အမျိုးသားတွေနဲ့အတူ စုစည်းခဲ့တယ်၊ ချီတက်ခဲ့တယ်၊ ကျည်ဆန်တွေကို ရင်ဆိုင်ခဲ့ကြတယ်။ တနှစ်ကြာတဲ့အခါမှာတော့ အဲဒီအိပ်မက်တွေဟာ အနှစ်မဲ့သလို ဖြစ်နေပါတယ်။
ဒါက ပုံပြင်ဟောင်းတပုဒ်ပါပဲ။ တော်လှန်ရေးမှာ အမျိုးသမီးတွေက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပေမဲ့ အခုတော့ မြင်ကွင်းကနေ ပျောက်ကွယ်နေရပြီလို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။ နိုင်ငံရဲ့အနာဂတ်ကို ဆုံးဖြတ်မယ့် အမျိုးသားဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်မရဘူးလို့ ဝေဖန်နေကြပါတယ်။
ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေ အဆမတန် မြင့်တက်လာရုံသာမက နိုင်ငံရေးမှာလည်း သိသိသာသာ ချန်လှပ်ခံထားရပါတယ်။ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မရှင်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တားဆီးဖို့ ဥပဒေတွေ ပိုမိုခိုင်မာအောင် အဆိုပြုခဲ့ကြပါတယ်။ ဒါပေမဲ့ အစ္စလာမ္မစ်အုပ်စုတွေက ဒါတွေဟာဘာသာရေးအရ မသင့်တော်ဘူး ဆိုပြီးတော့ ဆန္ဒပြကန့်ကွက်ခဲ့ပြီးနောက်မှာ အဲဒီအဆိုကို ဘေးဖယ်ထားလိုက်ရပါတယ်။ ကြားဖြတ်အစိုးရဟာ ဖိအားပေးမှုအောက်မှာ နောက်ဆုတ်သွားခဲ့ပါတယ်။
အမျိုးသမီးတွေကို စိတ်ရှည်ဖို့ ပြောနေပေမဲ့ ဘာတွေဖြစ်လာပြီလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။ လွှတ်တော်မှာ အမျိုးသမီးတွေအတွက် သီးသန့်နေရာတွေ ထားပေးဖို့ သဘောတူကြပေမဲ့ အဲဒီနေရာတွေကို တိုက်ရိုက် ရွေးကောက်တင်မြှောက်တာမျိုးမဟုတ်ဘဲ ပါတီက အမည်စာရင်းတင်သွင်းတဲ့စနစ် Party list စနစ်နဲ့ပဲ ဖြည့်ဖို့ စီမံနေကြပါတယ်။ ဒါဟာ နိုင်ငံရေးမှာ အမျိုးသမီးတယောက်ရဲ့နေရာဟာ အမျိုးသားခေါင်းဆောင်တယောက်က ချီးမြှင့်မှ ရတာဖြစ်ပြီး ကိုယ့်အရည်အချင်းနဲ့ ရယူတာမဟုတ်ဘူးဆိုတဲ့ ပုရိသဝါဒဆန်တဲ့ အတွေးအခေါ်ကို ပိုပြီးခိုင်မာစေပါတယ်။ တော်လှန်ရေးက အမျိုးသမီးဝန်ကြီးချုပ်တယောက်ကို ဖြုတ်ချနိုင်ခဲ့ပေမဲ့ ပုရိသဝါဒကိုတော့ ခိုင်ခိုင်မာမာ ချန်ထားခဲ့ပါတယ်။
အပိုင်း (၅) မပြီးသေးသော ပန်းချီကား
လွန်ခဲ့တဲ့ တနှစ်က ဘင်္ဂလားဒေ့ရှ်ပြည်သူတွေဟာ အချက် ၂ ချက်ကို တောင်းဆိုဖို့ စည်းလုံးခဲ့ကြပါတယ်။ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရဖို့ပါ။ ဟာဆီနာခေတ်ကလို အစိုးရရဲ့ ဖိနှိပ်မှုကို ကြောက်ရတဲ့စိတ်တွေ လျော့ပါးသွားခဲ့ပါပြီ။ ဒါပေမဲ့ တကယ့်လွတ်လပ်မှုကတော့ ပါးပါးလေးပါပဲ။ ဟာဆီနာကို ထောက်ခံသူတွေ အခုချိန်မှာ နှုတ်ပိတ်ခံနေရပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေရဲ့ ပစ်မှတ်ဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ်။ အုံကြွမှုအတွင်း သေဆုံးခဲ့ရတဲ့ ရာနဲ့ချီတဲ့ လူတွေအတွက် တရားမျှတမှုကလည်း နှောင့်နှေးနေပါတယ်။
သေဆုံးခဲ့တဲ့ ၁၇ နှစ်အရွယ် ဆန္ဒပြကျောင်းသား အာနတ်စ်ရဲ့ မိခင်ကတော့ သူ့သား သေခဲ့ရတာ အချည်းနှီးဖြစ်လားလို့ မေးခွန်းထုတ်နေပါတယ်။ ပိုကောင်းတဲ့၊ ပိုတရားမျှတတဲ့ နိုင်ငံတော်အတွက် လမ်းပေါ်ထွက်ခဲ့ကြတာ။ ဒါပေမဲ့ ကတိပေးခဲ့တဲ့ တရားမျှတမှုက ဖြစ်မလာခဲ့ပါဘူး။ “စနစ်အပျက် တခုကို နောက်ထပ် အလားတူ စနစ်အပျက်တခုနဲ့ အစားထိုးရုံပဲဆိုရင် ကျမသားရဲ့ ပေးဆပ်မှုက ဘာအတွက်ဖြစ်မလဲ”လို့ အာနတ်စ်ရဲ့ မိခင်က မေးခွန်းထုတ်ခဲ့ပါတယ်။ တော်လှန်ရေးကို ရောင်းစားနေကြတယ်။ နိုင်ငံရေးသမားတွေ၊ ဩဇာရှိသူတွေ သူတို့ကိုယ်ကျိုးအတွက် ခွဲခြမ်းယူနေကြတယ်။ ဂျန်းဇီး လူငယ်တွေ တိုက်ပွဲဝင်ခဲ့တဲ့ အပြောင်းအလဲ၊ တကယ့်ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲကတော့ လက်လှမ်းမမီနိုင်သေးဘူးလို့ ဝေဖန်လာကြပါတယ်။ ကြားဖြတ်အစိုးရဟာ တော်လှန်ရေးကို ကိုယ်စားပြုဖို့ ခက်ခဲလာတယ်လို့ သုံးသပ်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လမ်းဆုံလမ်းခွတခုမှာ ရောက်နေပါတယ်။ Gen Z တွေရဲ့ တော်လှန်ရေး အသွင်ကူးပြောင်းရေးအတွက် ရှားပါးတဲ့အခွင့်အရေးတံခါးတစ်ချပ်ကို ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတံခါးက ပြန်ပိတ်တော့မှာပါ။ တနှစ်ကြာအပြီးမှာ နိုင်ငံဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ မျှော်လင့်ချက်ကို ဆက်ပုံဖော်မလား၊ အရင်ကလို နိုင်ငံရေးပြိုင်ဆိုင်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ လက်စားချေမှုတွေနဲ့ ပရမ်းပတာအခြေအနေကြားမှာ ဆက်လျှောက်မလားဆိုတာ ရွေးရမယ့် အခြေအနေရောက်လာပါတယ်။
Gen Z တော်လှန်ရေးဟာ အာဏာရှင်စနစ်ကို တိုက်ခိုက်တဲ့ တိုက်ပွဲမှာ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရုံသာမက ဘေးကင်းလုံခြုံပြီး တရားမျှတတဲ့၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာဖို့ ဆိုတဲ့ အန္တိမတော်လှန်ရေးကြီးကတော့ ပြီးဆုံးဖို့ အဝေးကြီး လိုနေပါသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
စိုင်းခေတ်နွေ