
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာကို ဆန္ဒပြပွဲတွေနဲ့အတူ ဖြုတ်ချနိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ကြားဖြတ်အစိုးရ ခေါင်းဆောင်က အတည်ပြုပါတယ်။
၂၀၂၆ ဖေဖော်ဝါရီလ ရာမာဒန် ဥပုသ်ကာလမတိုင်ခင်မှာ ကျင်းပပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုသွားမယ်လို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မိုဟာမတ် ယူနွတ်စ်က ကြေညာခဲ့တာပါ။
ဟာစီနာအစိုးရ ပြိုလဲသွားတဲ့ နှစ်ပတ်လည်နေ့မှာပဲ အခုလို ကြေညာခဲ့တာဖြစ်ပြီး တိုင်းပြည်ရဲ့ “ဒုတိယမြောက် လွတ်လပ်ရေးနေ့” အဖြစ် အောင်ပွဲခံခဲ့ကြပါတယ်။
ဒါ့အပြင် “ဇူလိုင် ကြေညာစာတမ်း” အရ ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုအုံကြွမှုအတွင်း ကျဆုံးခဲ့ရသူတွေကို “နိုင်ငံ့သူရဲကောင်းများ” အဖြစ် သတ်မှတ်မယ်လို့ ယူနွတ်စ်က ပြောသွားပါတယ်။
လွန်ခဲ့တဲ့နှစ်အတွင်း ရက်သတ္တပတ်နဲ့ချီတဲ့ လူထုဆန္ဒပြပွဲကြီးတွေ အရှိန်တက်လာပြီးနောက် သြဂုတ် ၅ ရက်နေ့မှာ ဝန်ကြီးချုပ်ဟောင်းက အိန္ဒိယဘက်ကို ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဟာစီနာရဲ့ ၁၅ နှစ်တာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီး ယူနွတ်စ်က ကြားဖြတ်အစိုးရကို ဦးဆောင်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် ယူနွတ်စ် ကိုယ်တိုင် ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်မယ်ဆိုပြီး ကတိပေးထားပေမဲ့လည်း နိုင်ငံရေးမတည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ရုန်းကန်နေရဆဲပဲ ဖြစ်ပါတယ်။
ဟာစီနာလက်ထက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် နိုင်ငံရေးပြိုင်ဘက်တွေ လုပ်ကြံခံရတာ၊ ထောင်ကျတာတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်လို့ စွပ်စွဲထားကြပါတယ်။
တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဆီ ပေးပို့ခဲ့တဲ့ ဟာစီနာရဲ့ အိတ်ဖွင့်ပေးစာထဲမှာ ၂၀၂၄ ဖြစ်ရပ်တွေဟာ “အာဏာသိမ်းမှု” တခု ဖြစ်တဲ့အပြင် ဘယ်တုန်းကမှ ဝန်ကြီးချုပ်တာဝန်ကို မစွန့်လွှတ်ခဲ့ဘူးလို့ပါ ဖော်ပြထားပါတယ်။
ဆန္ဒပြသူတွေအပေါ် ပစ်ခတ် နှိမ်နင်းခဲ့တာနဲ့ ပတ်သက်ပြီး အမှုရင်ဆိုင်ဖို့ ပြန်မလာတဲ့အလျောက် လက်ရှိ ကြားဖြတ်အစိုးရက ဟာစီနာကို မျက်ကွယ် တရားစီရင်နေတာ ဖြစ်ပါတယ်။ ဟာစီနာနဲ့အတူ သူ့ရဲ့ အဝါမီလိဂ် ပါတီကတော့ စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေရဲ့ အတည်ပြုချက်အရ ပြီးခဲ့တဲ့နှစ် နွေရာသီ လူထုအုံကြွမှုအတွင်း ဆန့်ကျင်ဆန္ဒပြသူ ၁,၄၀၀ အထိ သေဆုံးခဲ့ရကြောင်း သိရပါတယ်။
Source: Reuters