
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော်ဒါကာမှာ သြဂုတ် ၆ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ လာမယ့်နှစ် အစောပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စိတ်အားထက်သန်မှုကို ပြသခဲ့တယ်လို့ ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ် မိုဟာမတ် ယူနွတ်စ်က ကြေညာခဲ့ပါတယ်။
သြဂုတ် ၅ ရက် ညပိုင်းက ရုပ်မြင်သံကြားမိန့်ခွန်းမှာ နိုဘယ်လ်ဆုရှင်က ရာမဒန်လမြတ် မစတင်မီ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်လုံးကျွတ်ရွေးကောက်ပွဲတွေကို ကျင်းပဖို့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုမယ်လို့ ကြေညာခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာစီနာ ရာထူးကနေ နုတ်ထွက်ပြီးတဲ့နောက် ကြားဖြတ်အစိုးရ အာဏာရလာချိန်ကစပြီး နိုင်ငံရေးပါတီ အများစုက ရွေးကောက်ပွဲအသစ်တွေ ကျင်းပဖို့ တောင်းဆိုလာကြတာပါ။
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရက နိုင်ငံ့စီးပွားရေး၊ လူနေမှုဘဝနဲ့ တရားဥပဒေစိုးမိုးရေးကို အကျိုးပြုမယ်လို့ နိုင်ငံသားအများအပြားက ပြောဆိုကြပါတယ်။
အထည်ချုပ်စက်ရုံပိုင်ရှင် တယောက်ဖြစ်တဲ့ ယူဂျီယာ ဟူစိန်က “ရွေးကောက်ပွဲက တတ်နိုင်သမျှ မြန်မြန်ပြီးဖို့လိုတယ်။ အားလုံးက ပုံမှန်အတိုင်း ပြန်သွားနိုင်အောင် တရားဝင်အစိုးရတရပ်လိုတယ်” လို့ ပြောပါတယ်။
လူထုကို အကျိုးပြုမယ်လို့ မျှော်လင့်ပါတယ်လို့ ဆေးရုံတရုံက စီမံခန့်ခွဲရေးအရာရှိ ဝါဟိဒ် အူဇမန်က ထပ်ပြောခဲ့ပါတယ်။
နိုင်ငံရေးလစ်ဟာမှုကို ဟန့်တားဖို့ ဝန်ကြီးချုပ်ဟောင်း ခါလေဒါ ဇီယာ ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီက ဖေဖော်ဝါရီ ရွေးကောက်ပွဲကို ကြိုဆိုခဲ့ပါတယ်။
ဟာစီနာရဲ့ အဝါမီလိဂ်ပါတီကို ဆိုင်းငံ့ထားပြီး ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေဟာ မနှစ်က ဆန္ဒပြပွဲတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တရားစွဲခံရပေမဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရသင့်တယ်လို့ လူအများက ယုံကြည်ကြပါတယ်။
Source: Reuters