
တိုက်စစ်မှူးသစ် ယိုကရက်စ်ဟာ ပြိုင်ဘက်ခံစစ်ကို ဖျက်ဆီးနိုင်သူဖြစ်ကြောင်း အာဆင်နယ် နည်းပြ မီခေးလ်အာတေတာက ချီးကျူးပါတယ်။
စပိန်ကလပ် ဘီလ်ဘာအိုအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ အီမရိတ်ဖလားပွဲစဉ်မှာ ယိုကရက်စ်က ဒုတိယအကြိမ် ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး ပွဲချိန် ၃၅ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။
အာဆင်နယ်အတွက် ပထမဆုံးဂိုး ရရှိအပြီးမှာ နည်းပြ အာတေတာက ယိုကရက်စ်ကို ချီးကျူးခဲ့ပြီး နေရာလွတ်တွေ ရှာဖွေနိုင်သလို ပြိုင်ဘက်ခံစစ်ကိုလည်း ဖျက်ဆီးပစ်နိုင်သူလို့ ပြောပါတယ်။
ယိုကရက်စ်ဟာ ဗဟိုခံစစ်မှူး ၂ ယောက်စလုံးကို လှည့်စားနိုင်ပြီး နေရာလွတ်ရတာနဲ့ ပြိုင်ဘက်ခံစစ်ကို ဖျက်ဆီးပစ်နိုင်ကြောင်း၊ သူ့ရဲ့လှုပ်ရှားမှုနဲ့ အချိန်ကို ဆုံးဖြတ်ချက်တွေက ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ ဂိုးတွေ အများကြီးရရှိစေခဲ့တာဖြစ်ကြောင်း နည်းပြအာတေတာ က ပြောသွားပါတယ်။
အာဆင်နယ်ဟာ လာမယ့်တပတ်မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် မန်ယူအသင်းနဲ့ အိုးထရတ်ဖို့ဒ်မှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။