Home
မြန်မာသတင်း
အလုပ်သမားအရေးကူညီသူ ဒေါ်မျိုးမျိုးအေးနှင့် STUMအဖွဲ့ဝင်များကို အမှုဖွင့်
DVB
·
August 10, 2025

ဖမ်းဆီးခံထားရတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ဝင်တွေကို ခြေချုပ်နှင့် ခံဝန်အက်ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သူတို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒေါ်မျိုးမျိုးအေး အပါအဝင် STUM အဖွဲ့ဝင် ၁၀ ယောက်ကို ဇူလိုင်လ ကုန်ပိုင်းမှာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အောင်သပြေစစ်ကြောရေးကို ပို့ခဲ့ပြီး စစ်ကြောမေးမြန်းပြီးနောက် သက်ဆိုင်ရာနယ်မြေ ရဲစခန်းတွေဆီ ပြန်လွှဲပြောင်းလာတာပါ။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို သက်ဆိုင်ရာအင်းစိန်၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ နယ်မြေ ရဲစခန်းတွေက ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)၊ (စ)၊ (ဆ)တို့နဲ့အမှု ဖွင့်လှစ်လိုက်တာလို့ နီးစပ်သူတွေက ဆိုပါတယ်။

STUM အဖွဲ့နဲ့ နီးစပ်သူတယောက်က “တခြားပြစ်မှု ကျူးလွန်ထားတာမတွေ့ရင် ဒီအတိုင်း ပြန်လွှတ်ပေးလို့ရတာကို မလွှတ်ပေးဘဲ၊ အလုပ်သမားအရေးကိစ္စတွေကို ဆက်ပြီး လိုက်မကူညီပေးနိုင်အောင် လုပ်လိုက်တဲ့သဘောတွေ့ရတယ်” လို့ ပြောပါတယ်။

ဒေါ်မျိုးမျိုးအေးနဲ့ STUM အဖွဲ့ဝင်တွေကို အမှုဖွင့်ထားတဲ့ ခြေချုပ်နှင့် ခံဝန်အက် ဥပဒေ ပုဒ်မ ၅(၁) (စ)ဟာ ငြိမ်ဝပ်ပိပြားမှု ပျက်ပြားစေရေး ဖြစ်ပေါ်စေတဲ့ပြစ်မှုတွေကို ကျူးလွန်လေ့ရှိသူ၊ ကျူးလွန်ဖို့ အားထုတ်လေ့ရှိသူ၊ ကျူးလွန်ရာမှာ အားပေးကူညီလေ့ရှိသူတွေကို စွဲဆိုတဲ့ ပုဒ်မ ဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မ ၅ (၁) ရဲ့(ဆ)မှာ ခြေချုပ်၊ ခံဝန်တို့နဲ့ မထားဘဲ လွတ်လပ်စွာနေထိုင်ခွင့်ပေးထားရင် ရပ်ရွာနေလူတစုကို ဘေးဖြစ်စေနိုင်အောင် အန္တရာယ်ပေးနိုင်သူလို့ စိုးရိမ်ရသူ ဒါမှမဟုတ် လွတ်လပ်စွာနေ ထိုင်ခွင့်ပေးထားရင် တနည်းနည်းနဲ့ ဆိုးသွမ်းရမ်းကားမယ်လို့ ရပ်ရွာနေလူတစုက ထိတ်လန့်ကြောက်ရွံ့နေရသူတွေကို ရည်ရွယ်ထားတာတွေ့ရပါတယ်။

အဲဒီလို အမှုဖွင့် တရားစွဲဆိုခံရသူတွေအနေနဲ့ ၃ နှစ်အတွင်း ပြစ်မှုတစုံတရာ မကျူးလွန်ဖို့နဲ့ သာမန်နေထိုင်ကြောင်း ပုံမှန်သတင်းပေးပို့ရမယ့် ကန့်သတ်ချက်တွေ ရှိနေပါတယ်။

ကန့်သတ်ချက်တွေ ချိုးဖောက်ပျက်ကွက်ရင် ပထမအကြိမ်ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ၊ ဒုတိယအကြိမ်ဆို ထောင်ဒဏ် ၂ နှစ်နဲ့ နောက်ဘယ်အကြိမ်မဆို ပြစ်မှုထင်ရှားစီရင်ခံရရင် ထောင်ဒဏ် ၃ နှစ်ကျခံရမယ်လို့ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013