Home
မြန်မာသတင်း
အလုပ်သမားအရေး ကူညီပေးသူ ဒေါ်မျိုးမျိုးအေးနှင့် STUM အဖွဲ့ဝင်များကို  အမှုစွဲဆို၊ ချုပ်ရမန်ပေး
DVB
·
August 8, 2025

အလုပ်သမားအရေး ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ဝင်တွေကို သြဂုတ် ၇ ရက်မှာ သက်ဆိုင်ရာ တရားရုံးတွေကနေ ချုပ်ရမန် ပေးလိုက်တယ်လို့ သူတို့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စစ်တပ်က ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ ရက်ညက အကြောင်းမဲ့ ဖမ်းဆီးသွားပြီး သမီးဖြစ်သူ အပါအဝင် STUM အဖွဲ့ဝင် ၁၀ ယောက်ကို ဆက်တိုက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒေါ်မျိုးမျိုးအေးနဲ့ သမီးဖြစ်သူ ဒေါ်ခြူးသွယ် အပါအဝင် အဖွဲ့ဝင် ၁၁ ယောက်ကို သြဂုတ် ၇ ရက်က သီးခြားစီ အမှုစွဲဆိုပြီး အင်းစိန်၊ ရွှေပြည်သာနဲ့ မြောက်ဥက္ကလာပ မြို့နယ်တရားရုံး ၃ ရုံးကနေ ချုပ်ရမန်ပေးလိုက်ကြောင်း သိရတယ်ဆိုပြီးလည်း STUM က ထုတ်ပြန်ထားပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေကို စစ်ကြောရေးမှာ စစ်ဆေးပြီးတဲ့နောက် နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ပြစ်မှု မတွေ့ရှိရလို့ တရားရုံးကို ပြန်လည်လွှဲပြောင်းလိုက်ပြီး ချုပ်ရမန်ပေးလိုက်တာလို့ အဲဒီအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“စစ်ကြောရေးက လွှတ်လိုက်ပြီးတော့ သူတို့ကို ခြေချုပ်နဲ့ ခံဝန်ဥပဒေနဲ့ တရားစွဲမယ်လို့ သိရတယ်။ ထွေအုပ်က တရားလိုလုပ်ပြီး သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်မှာ။ ပြီးရင် တရားရုံးက အမိန့်ချမယ်။ အဲဒီတော့မှ ပြန်လွှတ်မှာ။”

ဒေါ်မျိုးမျိုးအေးမှာ ဆီးချိုနဲ့ သွေးတိုးရောဂါကြောင့် ဆေးစွဲသောက်နေရသူဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ကျန်းမာရေးမကောင်းဘူးလို့လည်း နီးစပ်သူတွေက ပြောပါတယ်။

အဲဒီလို အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူတွေကို မတရားဖမ်းဆီးတာကို ကန့်ကွက်ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့တွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထုတ်ပြန် တောင်းဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024