
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ နေ့စဉ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာနေတဲ့ အခြေအနေကြောင့် ဒေသခံရာနဲ့ချီပြီး မြစ်ကြီးနားမြို့ပေါ်ကို တိမ်းရှောင်နေရတယ်လို့ ဖားကန့်မြို့ခံတွေက DVB ကို ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းက ရှရော်ခရွာ၊ လုံးခင်း၊ ဆိုင်းတောင်နဲ့ မှော်ဆီဆာ စတဲ့ ကျေးရွာတွေက ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြတာလို့ ဆိုပါတယ်။
ရှရော်ခကျေးရွာမှာ နေထိုင်တဲ့ ဒေသခံတယောက်က လုံခြုံရေးအခြေအနေကြောင့် နေအိမ်မှာ ဆက်မနေထိုင်ရဲလို့ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး မြစ်ကြီးနားမြို့ပေါ်ကို ဩဂုတ် ၅ ရက်နေ့က ပြောင်းရွှေ့ခဲ့တယ်လို့ ပြောပါတယ်။
“စီတာပူက အသင်းတော်နဲ့ချိတ်ပြီး အိမ်နီးချင်းတွေက ပြောင်းကြမယ်ဆိုတော့ ကျမတို့လည်း ပြောင်းလာလိုက်တာ။ အိမ်မှာဆက်နေလည်း လုံခြုံမှုလည်းမရှိတော့ဘူးလေ။ အဲဒါကြောင့် ပြောင်းခဲ့လိုက်တာ”
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ရှောင်တွေအတွက် ကော်မတီဖွဲ့စည်းပြီး ကူညီထောက်ပံ့ပေးဖို့လုပ်နေတယ်လို့ DVB ကို ပြောပါတယ်။
“ကျနော်တို့ မူအားဖြင့် ကူညီထောက်ပံ့ပေးဖို့ကော်မတီဖွဲ့စည်းပြီး စစ်ရှောင်တွေအတွက် ကူညီပေးဖို့ လုပ်နေတာရှိပါတယ်။ ဆလန်ကဘာ(တာဝန်ရှိလူကြီး)တွေကနေတဆင့် ကူညီထောက်ပံ့ပေးမှာ ဖြစ်ပါတယ်”
စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့ပေါ်ကို နေ့စဉ်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
အင်အားရာနဲ့ချီတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ဖားကန့်မြို့ပေါ်ကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် လေကြောင်းကနေ ပစ်ခတ်တာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းရန်ကြောင့် ဖားကန့်ဒေသခံ ၂၀ ထက်မနည်းသေဆုံးပြီး ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။