Home
ဆောင်းပါး
စစ်တောင်းမြစ်ဘေး ဒေါင်းအလံစိုက် မှောင်မိုက်တဲ့ညများ လွန်ပါစေ
DVB
·
August 8, 2025

(၁)

သောင်တန်းရွာထိပ် ဘုန်းတော်ကြီးကျောင်းဝင်းဘေး။

ကြီးမားကြံ့ခိုင် ညို့မှိုင်းအုံ့ဆိုင်းနေသော ကုက္ကိုပင်ကြီးအောက်တွင် စကားပြောစင်မြင့်တခု။ ခွပ်ဒေါင်းအလံနှင့် နိုင်ငံတော်အလံများ တိုင်ထူထားလျက်။ စင်မြင့်ရှေ့တွင် လူ ၁,၀၀၀ နီးပါးခန့် ထိုင်လျက် ရပ်လျက်။ စင်မြင့်ဘေး တိုင်တလုံးထိပ်တွင် အသံချဲ့စက်မှ မြင်းခြံမြို့ သပိတ်တိုက်ပွဲဝင် သီချင်းက စစ်တောင်းမြစ်ပေါ် ကျော်လွှားသွားနေလျက်။

ကျနော်က စင်မြင့်ပေါ်ကို တက်လာသည်။ စကားပြော မိုက်ကရိုဖုန်း တပ်ထားသည့် တိုင်ရှေ့တွင် ရပ်သည်။ စင်အောက် စင်ရှေ့ စုရုံးရောက်ရှိလာကြသည့် ပရိသတ်ကို တခဏမျှ ရပ်ကြည့်သည်။ ပရိသတ်က စင်ပေါ်က ကျနော့်ကိုတွေ့ပြီး အသံတွေ တိုးသွား၏။ သီချင်းသံသည်လည်း ရပ်သွား၏။ ကျနော်က စကားပြောခွက်မှတဆင့် စကားစပြောသည်။

“စစ်တောင်းမြစ်ဘေးနှစ်ဖက် ကျေးရွာအသီးသီးမှ ချီတက်ရောက်ရှိလာကြတဲ့ အဖိနှိပ်ခံ တောင်သူလယ်သမားအပေါင်းတို့ခင်ဗျား”

ဓာတ်စက်မှထွက်သည့် ကျနော့်အသံမှာ အနီးအနားတဝိုက် အရှိန်အဟုန်နှင့် ရေလှိုင်းများလို လွှမ်းသွား၏။

ကျနော်က ယခုအခါ ကျနော်တို့အပေါ် ၂၆ နှစ်တာ ဖိနင်းအုပ်ချုပ်ထားသည့် တပါတီအာဏာရှင် စနစ်ဆိုးကို အလိုမရှိတော့ဘဲ ပြည်သူတွေကိုယ်တိုင် ရွေးချယ်တဲ့ စနစ်သစ်တခု တည်ဆောက်ဖို့ ဒီကနေ့ကစတင်ပြီး စိုင်းပြင်းတိုင်ပင်ကြဖို့ ရှစ်လေးလုံး တိုက်ပွဲဝင်သပိတ်ကော်မတီကို ဖွဲ့စည်းထားပြီဖြစ်ကြောင်း၊ စည်းစည်းလုံးလုံး စည်ကမ်းရှိရှိ အကြမ်းမဖက် ဆန္ဒပြကြမှာ ဖြစ်ကြောင်း စကားအနည်းငယ်ပြောပြီး တဆက်တည်းဆိုသလို တောင်ငူမြို့မှရောက်လာသော စက်မှုတက္ကသိုလ်ကျောင်းသား “ကိုဆန်းလင်း” က စကားပြောမှာဖြစ်ကြောင်း မိတ်ဆက်ပေးရင်း စင်အောက်သို့ ပြန်ဆင်းလာလိုက်၏။

စင်ပေါ်သို့ ကိုဆန်းလင်း (နောင်အခါ ကျောင်းသားတပ်မတော် ၂၁၀ တပ်ရင်းမှူး၊ ကျဆုံး) တက်လာသောအခါ ပရိသတ်မှာ တကွင်းလုံးဆူညံသွားအောင် လက်ခုပ်လက်ဝါးတီးပြီး ကြိုဆိုလိုက်ကြ၏။

အသက် ၂၀ ကျော်ခန့်အရွယ် ကိုဆန်းလင်းက ပိန်ပိန်ပါးပါး အရပ်ခပ်မြင့်မြင့်။ စကားပြောခွက်ရှေ့ လာပြီးရပ်သည်။ ပရိသတ်မှာ တော်တော်နှင့် အသံမစဲနိုင်။ စကားပြောစင်မြင့်ရှေ့ ကွက်လပ်ပေါ်တွင် ပရိသတ်မှာ မြေကြီးပေါ်ထိုင်ရင်းက ကြွေးကြော်သံများ ဟစ်ကြွေးနေကြ၏။ ခပ်လှမ်းလှမ်းတွင် စစ်တောင်းမြစ်နှစ်ဖက်ကမ်း  ကျေးရွာများမှ တောင်သူလယ်သမားများ မတ်တပ်ရပ်လျက် အော်ဟစ်ကြွေးကြော်နေကြ၏။ တချို့မှာ အလံများ ဝှေ့ရမ်းကြ၏။

“စစ်တောင်းမြစ်ဘေး ကျေးရွာအသီးသီးက ဆန္ဒပြပွဲ ချီတက်ရောက်ရှိလာကြတဲ့ တောင်သူလယ်သမားမိဘများခင်ဗျား”

ပရိသတ်မှာ ကိုဆန်းလင်း၏အသံကြောင့် အော်ဟစ်ကြွေးကြော်သံများ တိုးသွားကြရ ရပ်သွားကြရ၏။

“စစ်တောင်းမြစ်ဘေး ကျေးရွာအသီးသီးက ဆန္ဒပြပွဲ ချီတက်ရောက်ရှိလာကြတဲ့ တောင်သူလယ်သမားမိဘများခင်ဗျား”

“လေးစားအပ်တဲ့ အဖိနှိပ်ခံ တောင်သူလယ်သမား ဦးကြီးများခင်ဗျား၊ ကျနော်ဟာ တောင်ငူမြို့ သပိတ်ကော်မတီက ဆန်းလင်း ဖြစ်ပါတယ်၊ စက်မှုတက္ကသိုလ်ကျောင်းသား ဖြစ်ပါတယ်။ စစ်တောင်းမြစ်ဘေး ကျေးရွာများရဲ့ ဆန္ဒပြသပိတ်ကော်မတီက အကူအညီတောင်း ဖိတ်ကြားလို့ လာရောက် စကားပြောရသူပါ။ စကားပြောခွင့်ရလို့လည်း အားလုံးကို ရိုသေလေးစား ကျေးဇူးတင်မိပါတယ်။ ကျနော်က အပိုင်းနှစ်ပိုင်းခွဲပြီး ပြောဖို့ရှိပါတယ်၊ အပိုင်းတစ်က ကျနော်တို့တတွေ ဘာ့ကြောင့် အခုလို သပိတ်တိုက်ပွဲတွေ ဖော်ဆောင်ရသလဲ ဆိုတာနဲ့ အပိုင်းနှစ်က ကြွရောက်လာကြတဲ့ ပရိသတ်နဲ့ ကျနော် အပြန်အလှန် စကားအနည်းငယ်ပြောကြဖို့ ဖြစ်ပါတယ်”

ကိုဆန်းလင်းက ပထမပိုင်းတွင် ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည် ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့ခြင်းနဲ့ ၂၆ နှစ်တာ ပြည်သူတွေ နည်းမျိုးစုံ အဖိနှိပ်ခံခဲ့ကြရပုံကို အကြမ်းဖျင်း ရှင်းပြလိုက်၏။ ပြီးတော့မှ ဒုတိယပိုင်းကို ဆက်၏။

“ကဲ ဒုတိယပိုင်းအနေနဲ့ ဟောဒီစင်ရှေ့က ခမောက်ဆောင်းထားတဲ့ အဒေါ်တယောက်နဲ့ ကျနော် စကားနည်းနည်း ပြောချင်ပါတယ်။ တခုရှိတာက ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့ ပြောပြပေးဖို့ ကျနော် အလေးအနက်ထား တောင်းဆိုလိုပါတယ်။ ကြွရောက်လာကြတဲ့ ပရိသတ် အနေနဲ့လည်း ကျနော်တို့နှစ်ယောက်၊ ကျနော်နဲ့ ရှေ့ကအဒေါ်ကြီး အပြန်အလှန် ပြောဆိုကြမယ့် စကားကို နားထောင်ပေးကြဖို့ အလေးအနက်ထား တောင်းပန်အပ်ပါတယ်”

ကိုဆန်းလင်းက စင်အောက် ရှေ့ဆုံးတန်းမှ ထိုင်နေသူ ခမောက်ဆောင်းထားသည့် အဒေါ်တယောက်ကို လက်ညှိုးထိုး တောင်းပန်လိုက်ပြီးမှ ဒေါ်ကြီးမှာ မိသားစုဝင် ဘယ်နှယောက် ရှိပါသလဲလို့ မေးလိုက်၏။

အမေးခံရသည့် သောင်တန်းရွာမှ ဒေါ်စိန်မြမှာ အစတွင် ဘာမျှပြန်မဖြေဘဲ ရှက်ရွံ့စွာ ရပ်နေသေး၏။ ကိုဆန်းလင်းနှင့် ဘေးပရိသတ်က ဝိုင်းဝန်းအားပေး တိုက်တွန်းနေကြရသေး၏။

သူ့တွင် မိသားစုဝင် စုစုပေါင်း လေးယောက်ရှိကြောင်း၊ လင်ယောက်ျားက ဝါးဖောင်ချရင်း ငှက်ဖျားမိပြီး ဆုံးပါးသွားသည်မှာ ဆယ်နှစ်ရှိပြီဖြစ်ကြောင်း အသံတိုးတိုးဖြင့် ဒေါ်စိန်မြက ပြော၏။

ကိုဆန်းလင်းက ဒေါ်စိန်မြ၏ အဖြေစကားကို ပရိသတ်ကြားအောင် မိုက်ဖြင့် ထပ်လောင်းပြောပြရင်း မေးခွန်းတချို့ ထပ်မေး၏။

ဒေါ်စိန်မြကလည်း မေးသမျှမေးခွန်းတွေကို ရဲရဲဝံ့ဝံ့ပင် ဖြေနေတော့၏။

သူသည် လယ်ကူလီတဦးဖြစ်ကြောင်း၊ သမီးအကြီးနှစ်ယောက်က ညောင်ခြေထောက်ဈေးသို့ ဟင်းသီးဟင်းရွက် နေ့ချင်းပြန် ခြေလျင်သွားရောင်းရကြောင်း၊ အငယ်ဆုံးကလေးမှာ ရွာကိုယ်ထူကိုယ်ထကျောင်းမှာ ကျောင်းထားကြောင်း ကိုဆန်းလင်း မေးသမျှ ပြန်ဖြေ၏။

ကိုဆန်းလင်းကလည်း ဒေါ်စိန်မြ ဖြေသမျှ ပရိသတ်ကြားအောင် မိုက်ဖြင့် ထပ်ပြီးပြောပြရင်း နောက်ထပ် မေးခွန်းတချို့ မေးပြန်၏။

“ကောင်းပါပြီအဒေါ်၊ အဒေါ် အခု ကောက်စိုက်တာ ကောက်စိုက်ခ ဘယ်လောက်ရပါသလဲ၊ သားသမီးနှစ်ယောက် ဈေးသွားရောင်းတာကရော နေ့စဉ် ဘယ်လောက်ရသလဲ။ ကျနော် အခုမေးနေတာ ရည်ရွယ်ချက်ရှိလို့ မေးနေတာပါ၊ အဒေါ် သားကို တမျိုးမထင်ပါနဲ့၊ စိတ်ရှည်ရှည်ထားပြီး ဖြေပေးပါအဒေါ် ”

ကိုဆန်းလင်းနှင့် ဒေါ်စိန်မြ အပြန်အလှန် စကားပြောကြသည်ကို ပရိသတ်မှာ စိတ်ဝင်တစား ငြိမ်ပြီး နားထော‌င်ပေးကြ၏။ ကိုဆန်းလင်းက မေးလိုက် ဒေါ်စိန်မြက ဖြေလိုက်နှင့် အရှိန်ရလာကြ၏။

“ကောင်းပါပြီအဒေါ်၊ အခုဆိုရင် အဒေါ်ပြောပြသမျှဆိုရင် အဒေါ်တို့မိသားစုဝင်ငွေနဲ့ ထွက်ငွေ အခြေအနေကို ကျနော်တို့ အကြမ်းဖျင်း သိကြရပါပြီ။ တနှစ်တာပတ်လုံး ဝင်ငွေဟာ ထွက်ငွေနဲ့ နှိုင်းယှဉ်တဲ့အခါ အံ့ဩလောက်အောင် ကွာနေတာ၊ ဝင်ငွေက နှမ်းစေ့၊ ထွက်ငွေက ဆင်ကောင်လောက် ဖြစ်နေတာ အဒေါ် မစဉ်းစားခဲ့မိဘူးမဟုတ်လား။ ဒီအခြေအနေမျိုးနဲ့ အဒေါ်တို့မိသားစု ကြံဖန်ပြီး ရပ်တည်လာခဲ့တာ ဆယ်နှစ်ရှိပြီ။ ဒါတောင် သားသမီးတွေနဲ့ အဒေါ် ဝင်ငွေရနိုင်တာက နေ့တိုင်းမဟုတ်ဘူးနော်။ ရက်အတော်များများက မဖြစ်မနေ နားရတဲ့ရက်တွေ ရှိမယ်၊ နေမကောင်းလို့ ဝင်ငွေမရှိတဲ့ရက်တွေ ရှိမယ်၊ အလုပ်မရှိတဲ့ရက်တွေ အများကြီး ရှိမယ်။ ဒီကြားထဲ စစ်တပ်ကတောင်းလို့ ပေးရတဲ့ ကင်းကြေး ချောကြေး ပြီးတော့ သာရေးနာရေး ကုန်ကျစရိတ်တွေ မပါသေးဘူးနော်။ အဒေါ်တို့မိသားစု ဒီ ဆယ်နှစ်ကာလကို ဘယ်လိုများ ဖြတ်ကျော်နိုင်ခဲ့ကြတာလဲ၊ ကျနော် စဉ်းစားလို့တောင် မရနိုင်ဘူး အဒေါ်ရယ်၊ အဒေါ်ရော အဲဒါတွေ စဉ်းစားဖူးရဲ့လား၊ ဒါ အဒေါ်တို့လိုမိသားစုတွေ ရွာတိုင်းမှာ အများစုနော်”

ဒေါ်စိန်မြ မတ်တပ်ရပ်နေရာမှ ထိုင်ချလိုက်သည်။ ဆောင်းထားသည့်ခမောက်ကို ချွတ်လိုက်သည်။ ခေါင်းကို ငုံ့ထားလိုက်သည်။

“မဟုတ်သေးဘူးအမေ၊ ကျနော် တွေးလို့မရဘူးဗျာ၊ ဒီလောက်အခြေအနေဆိုးကြီးကို အမေတို့မိသားစု ဘယ်လိုများ ကျော်လာခဲ့ကြတာလဲ၊ ဒီလောက် ခက်ခဲကျပ်တည်းတဲ့ အခြေအနေမျိုးမှာ ဟောဒီစင်ရှေ့ အဒေါ်တို့တတွေ အသက်ရှင်လျက် ရောက်လာနိုင်တာ ကျနော် တွေးလို့မရဘူး အဒေါ်ရယ်၊ တကယ်ကို ကြေကွဲဖို့ကောင်းပါတယ် အမေရာ”

ဒေါ်စိန်မြ ချုံးပွဲချ ငိုလေပြီ။ ဘေးမှ ငိုရှိုက်သံတချို့ ကြားလာရပြန်သည်။ ထိုစဉ်မှာပင် ကြွေးကြော်သံတချို့ ထွက်ပေါ်လာခဲ့၏။ ကြွေးကြော်သံများမှာ စစ်တောင်းမြစ်ကိုကျော်ကာ နေရာအနှံ့ ပျံ့သွားနေ၏။

ထိုနေ့က သောင်တန်းရွာထိပ် ဟောပြောပွဲမှာ ကိုဆန်းလင်းနှင့် လယ်ကူလီမ ဒေါ်စိန်မြတို့၏ အပြန်အလှန် စကားပြောခြင်းဖြင့် ရပ်နားခဲ့၏။

စကားပြောစင်မြင့်ဘေး လူအုပ်ကြားတွင် တခြားရွာကရောက်လာသည့် ရွာသားတချို့နှင့် စကားပြောနေစဉ် ကျနော့်စိတ်ကမူ လွန်ခဲ့သည့်နှစ်ရက် ရှစ်ရက်ရှစ်လ ရှစ်ဆယ့်ရှစ်နေ့က ကျနော်ပြုလုပ်ခဲ့သည့် အလုပ်တချို့ကို ပြန်တွေးနေမိပြန်သည်။

(၂)

ကျွဲပွဲမြို့ ဆန္ဒပြသပိတ်တိုက်ပွဲကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း အုတ်တွင်းမြို့နယ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ၉၀ ပြည့် လွှတ်တော်ကိုယ်စားလှယ်၊ ထောင် ၁၂ နှစ် မတရားဖမ်းဆီးခံရ၊ အကျဉ်းထောင်အတွင်းရရှိခဲ့သည့် ညာဘက်ခြေထောက်ဒဏ်ရာဖြင့် ထောင်အပြင် ပြန်ရောက်စဉ် ၂၀၁၄ တွင် ကွယ်လွန်) ၏ တောင်းဆိုမှုကြောင့် ကျနော်သည် စင်မြင့်ပေါ်တက်ပြီး ဆန္ဒပြလူထုအား စကားအနည်းငယ်ပြောရ၏။

ထိုနေ့က ကျွဲပွဲမြို့ ရန်ကုန်-မန္တလေး ကားလမ်းဆုံတွင် ရှစ်လေးလုံး အရေးတော်ပုံ လူထုသပိတ်တိုက်ပွဲ စတင်သောနေ့ဖြစ်၏။

ကျနော်က စကားပြောစင်မြင့်ပေါ်က ဆင်းဆင်းချင်း ဦးခင်မောင်ဝင်းကို နှုတ်ဆက်၏။ ကျနော်တို့ စစ်တောင်းမြစ်ဘေး ကျေးရွာတချို့ ဒီကနေ့ နေ့လယ်ပိုင်းကစပြီး သပိတ်တိုက်ပွဲ စတင်မှာဖြစ်ကြောင်း ပြော၏။ ပြောပြောဆိုဆို မြင်းလှည်းတစီးပေါ်တက်ကာ မြို့စိုးရွာသို့ ထွက်ခဲ့၏။

မြို့စိုးရွာ စစ်တောင်းမြစ်လှေဆိပ်တွင် လှေတစင်းကို စင်းလုံးငှား၏။ ကျွဲပွဲမြို့တွင် မည်သို့မျှ ငှားမရသည့် ဓာတ်စက်က မြို့စိုးတွင် ကံအားလျော်စွာ ငှားလို့ရ၏။ ကျနော်နှင့် စက်လှေဆရာ ကိုကျော်ဝင်း (သောင်တန်းရွာ) ဓာတ်စက်ပစ္စည်းများထမ်းကာ စက်လှေပေါ်တင်ကြရ၏။ စက်လှေပေါ်ရောက်နှင့်နေသည့် ခရီးသည်နှစ်ဦးမှာ မလိုက်ရဲဟုဆိုကာ လှေပေါ်က ဆင်းနေရစ်ခဲ့၏။ ဓာတ်စက်ပိုင်ရှင်ကလည်း မလိုက်ရဲဟုဆိုကာ ဓာတ်စက်ကိုပဲ ငှားလိုက်၏။ ကျနော်ကလည်း ဒီကနေ့ စစ်တောင်းမြစ်တလျှောက် ကျေးရွာတိုင်း ဆန္ဒပြကြဖို့ လိုက်လံဆော်ဩမှာဖြစ်ကြောင်း မပြောမဖြစ် ပြောပြရ၏။

အဲဒီနေ့က ခရီးသည်အလွန်းပါးပြီး စက်လှေမှာလည်း နေ့စဉ် ဆယ်စင်းမျှ ထွက်ရာက နှစ်စင်းမျှသာ ရှိ၏။ ကျနော်ငှားလို့ရသည့် စက်လှေသမား ကိုကျော်ဝင်းမှာ ကျနော့်ရွာနှင့်ကပ်လျက် သောင်တန်းရွာမှ ဖြစ်၏။ ကျနော်က ကျနော့်ရွာနှင့် တဖက်ကမ်း ကျိန်တောမြောင်ရွာ ကိုယ်ထူကိုယ်ထ အလယ်တန်းကျောင်းတွင် စာသင်နေသူဖြစ်သဖြင့် သူနှင့်ကျနော် ခင်မင်ရင်းနှီးထားကြ၏။

ကိုကျော်ဝင်းက စက်လှေခမယူပါဟု ပြော၏။ သူလည်း တတပ်တအား ပါဝင်ချင်သည်ဟု ဆို၏။ သည်လိုနှင့် ကျနော်တို့၏စက်လှေမှာ စစ်တောင်းမြစ်အောက်ဘက် တောပုရွာဆီ စုန်၏။ ကျနော်က ဓာတ်စက်ကိုဖွင့်ကာ လော်စပီကာကို တောပုရွာဆီ တည့်လိုက်၏။ စက်လှေကို အရှိန်သပ်ပြီး ခပ်ဖြည်းဖြည်းမောင်းဖို့ကိုလည်း ကိုကျော်ဝင်းကို ပြောလိုက်၏။

“စစ်တောင်းမြစ်ကမ်းကျေးရွာများက အဖိနှိပ်ခံ တောင်သူလယ်သမားအပေါင်းတို့ခင်ဗျား။ တောပုကျေးရွာ အဖိနှိပ်ခံ တောင်သူလယ်သမား မိဘများခင်ဗျား၊ ကျနော်တို့ဟာ ဒီကနေ့ ဒီအချိန်ကစပြီး ကျနော့်တို့အပေါ် ဖိနှိပ်သွေးစုပ် အုပ်ချုပ်လာခဲ့တဲ့ တပါတီအာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တွန်းလှန်လိုက်ပြီ ဖြစ်ပါတယ်။ စစ်တောင်းမြစ်ဘေး ကျေးရွာအသီးသီးမှာရှိတဲ့ မိဘပြည်သူများ အနေနဲ့ ဒီကနေ့ကစပြီး ပါတီကောင်စီအုပ်ချုပ်မှုကို ဆန့်ကျင်ပြီး ကျနော်တို့ သပိတ်တိုက်ပွဲကော်မတီနဲ့ ပူးပေါင်းကြ၊ ပါဝင်ကြဖို့ တပ်လှန့်နှိုးဆော်အပ်ပါတယ်ခင်ဗျား”

နှစ်ကြိမ်မျှ  အော်ဟစ်ပြောဆိုပြီးလို့ တောပုရွာကို ကြည့်တော့ တောပုရွာထဲက လူတချို့ ဆိပ်ကမ်းဘက် ပြေးထွက်လာသည်ကို တွေ့လိုက်ရ၏။ ကျနော်က အသင့်ယူဆောင်လာသော သပိတ်တိုက်ပွဲဝင် သီချင်းကို ဖွင့်တော့ နောက်ကြောဘက် ကျိန်တောမြောင်ရွာဆီက အော်သံဟစ်သံ ခပ်သဲ့သဲ့ ကြားလိုက်ရ၏။ ကျိန်တောမြောင် အထက်ဘက် ရွာဦးတွင် လူနှစ်ဆယ်မျှ လက်သီးလက်မောင်းတန်း အော်ဟစ်အားပေးနေကြသည်ကို တအံ့တဩ မြင်လိုက်ရ၏။

ကျနော်က စက်လှေကို ကျိန်တောမြောင်ရွာဆီ ဦးတည်ခိုင်းလိုက်၏။

“ကျိန်တောမြောင်ကျေးရွာမှာ ရှိကြတဲ့ အဖိနှိပ်ခံ တောင်သူလယ်သမား ဆင်းရဲသား မိဘပြည်သူများခင်ဗျား၊ ဒီကနေ့ဟာ ကျနော်တို့အားလုံးအပေါ် ၂၆ နှစ်‌တာ မတရားသဖြင့် ဖိနှိပ်စိုးမိုး အုပ်ချုပ်လာခဲ့တဲ့ ပါတီကောင်စီစနစ်ဆိုးကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြတဲ့နေ့ ဖြစ်ပါတယ်။ ကျနော်တို့အပေါ် ဖိနှိပ်အုပ်ချုပ်လာတဲ့ တပါတီအာဏာရှင် မကောင်းဆိုးဝါး စနစ်ဆိုးကို ဆန်ကျင်ကြောင်း ပြတဲ့အနေနဲ့ ဒီကနေ့ည ၇ နာရီတိတိအချိန်မှာ စစ်တောင်းမြစ်ကမ်း ကျေးရွာအသီးသီး အဖိနှိပ်ခံပြည်သူများအနေနဲ့ အိမ်တိုင်းစေ့ သံပုံးတီးကြဖို့ တပါတီအာဏာရှင်စနစ် မကောင်းဆိုးဝါးကို သံပုံးတီးနှင်ထုတ်ကြဖို့ လေးစားစွာ တပ်လှန့်နှိုးဆော်အပ်ပါတယ်ခင်ဗျား”

ဒိုင်း….ဒိုင်း

ကျနော်၏စကား ဆုံးလျင်ဆုံးချင်း သေနတ်သံနှစ်ချက် ဆက်တိုက်ထွက်ပေါ်လာခဲ့၏။

“ဟာ ဆရာလေး သေနတ်နဲ့ပစ်နေပြီ၊ တောပုမှာ စစ်တပ်ဂိတ်ရှိတယ်၊ အဲဒီကနေပစ်တာ ဘယ်လိုလုပ်မလဲ”

“ဘာမှမဖြစ်ပါဘူး ကိုကျော်ဝင်းရာ၊ ဒီကောင်တွေ အပေါ်ကျော်ပစ်တာပါ။ တကယ်ပစ်ချင်ရင် ကျနော်တို့ကို တည့်တည့်ပစ်မှာပေါ့။ စက်လှေကို တောပုရွာဘက် ပြန်လှည့်ဗျာ၊ စက်လှေကို အရှိန်လျှော့လိုက်၊ စိတ်မပူနဲ့ ကိုကျော်ဝင်း၊ ကျနော် စကားပြောမယ်၊ စက်လှေကိုသာ စက်သံလျှော့ထား”

ကျနော်က လော်စပီကာကို တောပုရွာထိပ် စစ်တပ်ဂိတ်ဆီ တည့်တည့်ထားလိုက်၏။

“ချစ်ခင်လေးစားအပ်တဲ့ ပြည်သူ့တပ်မတော်သားများခင်ဗျား၊ ချစ်ခင်လေးစားရတဲ့ ပြည်သူ့တပ်မတော်သားများခင်ဗျား။ ဒီကနေ့ကစမယ့် ကျနော်တို့ရဲ့ ဆန္ဒထုတ်ဖော်ပွဲဟာ ပြည်သူချစ်တဲ့ တပ်မတော်ကို ဆန့်ကျင်ကြတာမဟုတ်ဘဲ ပြည်သူတွေကို မတရားဖိနှိပ်အုပ်ချုပ်တဲ့ တပါတီအာဏာရှင်စနစ်ဆိုးကိုသာ ဆန့်ကျင်ကန့်ကွက်ကြတာ ဖြစ်ပါတယ်။ ပြည်သူချစ်တဲ့ တပ်မတော်သားများအနေနဲ့ ရပ်ရွာအေးချမ်းပြီး ပြည်သူတွေ ဘေးရန်မရှိရအောင် ကူညီစောင့်ရှောက်ပေးကြဖို့ တောင်းပန်အပ်ပါတယ်ခင်ဗျား”

ကျနော်တို့စက်လှေ အောက်ဘက်ကို ဆက်လက် ခုတ်မောင်းလာသည်အထိ သေနတ်သံ ထပ်မကြားရတော့။

ကျနော်က စစ်တောင်းမြစ် အရှေ့ဘက်ကမ်း အနောက်ဘက်ကမ်း ကျေးရွာ ဆယ်ရွာအထိ လိုက်လံဆော်ဩလိုက်၏။ အထူးသဖြင့် ယနေ့ည ၇ နာရီတွင် သံပုံးတီး ဆန္ဒပြကြဖို့ အကြိမ်ကြိမ် တောင်းဆို နှိုးဆော်ခဲ့၏။

ကျနော်နေထိုင်ရာ သောင်ပုရွာဆိပ်ကမ်းသို့ စက်လှေကပ်သောအခါ သောင်ပုရွာတရွာလုံး လူတွေ ကမ်းလုံးညွှတ်မျှ အော်ဟစ်ကခုန်ပြီး ကျနော်တို့စက်လှေကို ကြိုဆိုနေကြ၏။

စက်လှေပေါ်ကဆင်း ကျနော် အိမ်သို့အသွားတွင် ကျနော်နှင့်အတူ ရွာသားများ အထူးသဖြင့် လူငယ်များ ဝန်းရံပြီး လိုက်လာကြ၏။ တရွာလုံး ကြွေးကြော်သံများဖြင့် ဆူညံပွက်လောရိုက်နေ၏။ ကခုန်သူများလည်း လိုက်ပါလာကြ၏။

ကျနော့်အိမ်ရှေ့ကွက်လပ်တွင် ဘယ်အချိန် ဘယ်သူတွေလာပြီး မဏ္ဍပ်ထိုးလိုက်သည်မသိ အရေးပေါ် မဏ္ဍပ်တခု ဘွားကနဲ တွေ့လိုက်ရ၏။

ကျနော်က တဖွဲဖွဲနှင့်ရောက်လာနေသော တခြားရွာမှ ရွာသားများကို မနက်ဖြန်မနက် သောင်တန်းရွာကို ချီတက်လာကြဖို့ ဆော်ဩရ၏။ သပိတ်ကော်မတီနှင့် လာရောက် ဆက်သွယ် ပူးပေါင်းကြဖို့ ပြောရ၏။ ယနေ့ညကစပြီး ကိုယ့်ရပ်ကိုယ့်ရွာ လုံခြုံအေးချမ်းရေး ကိုယ်ကိုယ်တိုင် တိုင်ပင်ဆောင်ရွက်ကြဖို့ တိုက်တွန်းရ၏။

လူအုပ်စဲစပြုချိန် သတိရလို့ အိမ်ဘက်ကိုကြည့်သောအခါ လူမမယ် သားသုံးယောက်ကို ခြံရံလျက် လှေကားအဆင်းအတက်တွင် ထိုင်နေသော ဇနီးဖြစ်သူ မဒေဝီကို တွေ့ရ၏။

နေရောင်များမှာ မယုံကြည်နိုင်လောက်အောင် နောက်ဆုတ်သွားနေ၏။ မိုးသားများမှာ ကောင်းကင်တခုလုံး မည်းနက်လာခဲ့၏။ အိမ်မပြန်ဘဲ မဏ္ဍပ်ထဲတွင် လူငယ်သုံးလေးယောက် သည်အတိုင်း ထိုင်နေသေး၏။‌

ကျနော်က ဇနီးသည်၏ဘေးတွင် သွားထိုင်ကာ စကားတခွန်းမျှမပြောဘဲ ငြိမ်နေမိ၏။ ကျနော့်စိတ်ထဲ ကျနော့်ရွာတရွာလုံး လူမရှိတော့သလို တိတ်ဆိတ်သွားနေသည်ဟု ထင်နေမိ၏။

ထိုစဉ်မှာပင် စစ်တောင်းမြစ်အောက်ဘက် တနေရာဆီမှ မိုးခြိမ်းသံသဲ့သဲ့ ကြားရ၏။ မိုးခြိမ်းသံများမှာ တဖြည်းဖြည်း နီးလာသည်ဟု ထင်ရ၏။ ထိုစဉ်မှာပင် ရွာ‌အောက်ဘက်ဆီက သံပုံးတီးသံများ မိုးပြိုသလို ကြားလိုက်ရ၏။

ဘယ်အချိန်ကတည်းက ယူထားသည်မသိ။ မဒေဝီက လက်ထဲက ဒန်အိုးကို တုတ်တချောင်းဖြင့် အဆက်မပြတ် ခေါက်တော့၏။ သောင်ပုရွာတရွာလုံး သံပုံးတီးသံများ တမဟုတ်ချင်း လွှမ်းခြုံသွားတော့၏။

ကျနော်က ဝမ်းသာပီတိ ဖြစ်နေသည့်ကြားမှ ကောင်းကင်ကြီးကို မော့ကြည့်မိသည်။ ကောင်းကင်ကြီးမှာ တလောကလုံး အမှောင်ထုကြီး ဖုံးသလို ဖုံးလွှမ်းနေလေသည်။

ငြိမ်းဝေ

(ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်၊ စစ်တောင်းမြစ်ဘေး ကျနော်၏ သောင်ပုရွာကလေးသို့….)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024