Home
သတင်းဓာတ်ပုံ
ရှစ်လေးလုံး အရေးတော်ပုံ ၃၆ နှစ်ပြည့်ပွဲ ချင်းမိုင်တွင်ကျင်းပ (ဓာတ်ပုံ) 
DVB
·
August 9, 2024

ဩဂုတ် ၈ ရက်မှာ ကျရောက်တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က Golden Land Solidarity Collective မှာ ကျင်းပခဲ့ပါတယ်။

“လူထုခြေရာ” လို့နာမည်ပေးထားတဲ့ အထိမ်းအမှတ်အခမ်းအနားမှာ   ရှစ်လေးလုံး လူထုအရေးတော်ပုံကာလအတွင်းက  ထုတ်ဝေခဲ့တဲ့ သတင်းစာတွေ၊ မှတ်တမ်းဓာတ်ပုံတွေကို ခင်းကျင်းပြသထားသလို လူထုလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အမှတ်တရ စကားတွေလည်း ပြောကြားခဲ့ကြပါတယ်။  

ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားကိုတော့ ဗမာ့ပြည်တွင်းစစ်ပြတိုက်နဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂတို့က ပူးပေါင်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဗမာ့ပြည်တွင်းစစ်ပြတိုက်  သုတေသီ ကိုရဲဟိန်းအောင်က  “ကျနော်တို့ ဒီဗမာ့ပြည်တွင်းစစ်ပြတိုက်ရဲ့ အချက်အလက် စုဆောင်းသိုမှီးမှုထဲမှာ ဒီလူထုတော်လှန်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပါပါတယ်။ ဒီထဲမှာမှ ကျနော်တို့ လက်ရှိကာလအထိ စစ်အာဏာရှင် ဆန့်ကျင်ရေး မျိုးစေ့ကို ချပေးနိုင်ခဲ့တဲ့ အကောင်းဆုံး လူထုလှုပ်ရှားမှုတခုလို့ ကျနော်တို့ မှတ်တမ်းတင်ရမယ့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ ဒီသတင်းစာတွေ မှတ်တမ်းတွေကလည်း ကျနော်တို့ရဲ့ archive တခုပေါ့နော်။ အဲ့ဒါကြောင့်မို့ ကျနော်တို့ ဒီပထမဆုံးအကြိမ်အနေနဲ့ ဗမာ့ပြည်တွင်းစစ်ပြတိုက်အနေနဲ့ ဒီလို ground exhibition ကျင်းပတဲ့အခါမှာ ၃၆ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနဲ့ တိုက်ဆိုင်ပြီးတော့ ကျင်းပတာပေါ့နော်။ အဲ့ကာလအတွင်းမှာ ထုတ်ဝေခဲ့တဲ့ သတင်းစာတွေကို ကျနော်တို့ အဲ့ခေတ်ရဲ့ အခြေအနေကို ကျနော်တို့ ပြန်လည်သုံးသပ်လို့ ရသလို လက်ရှိနွေဦးတော်လှန်ရေးနဲ့လည်း နှိုင်းယှဉ်လေ့လာလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ပြသရခြင်း ရည်ရွယ်ချက်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ၁၉၈၈ ခု ဩဂုတ် ၈ ရက်နေ့ ရန်ကုန်မြို့မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေဟာ တနိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့ပြီး ရဟန်းသံဃာတွေ၊ ကလေးငယ်တွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ အိမ်ရှင်မတွေနဲ့ ဆရာဝန်တွေ စတဲ့ လူတန်းစားမျိုးစုံပါဝင်တဲ့ သိန်းပေါင်းများစွာသော ပြည်သူတွေဟာ မဆလအစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။

မြန်မာ့အရေးလေ့လာသူတဦးဖြစ်တဲ့ ဒေးဗစ်မတ်သီဆင်က “၁၉၈၈ ခုနှစ် လူထုအုံကြွမှုဟာ ခေတ်သစ် မြန်မာ့သမိုင်းမှာ မယုံနိုင်လောက်အောင် အရေးကြီးတဲ့ စစ်အာဏာရှင်အစိုးရ၊ ဆိုရှယ်လစ်စစ်အစိုးရရဲ့ ၂၆ နှစ်ကြာ ရပ်တည်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ခဲ့တဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ၂၆ နှစ်ကြာ မယုံနိုင်လောက်အောင် အဖျက်အဆီးခံခဲ့ရပြီး တံခါးပိတ်ဝါဒ အုပ်ချုပ်မှု အပြီးမှာ နေဝင်းက ဖယ်ရှားခံခဲ့ရတယ်။ ဒါဟာ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုရဲ့ နောက်ထပ်ကဏ္ဍသစ် တရပ်ကို ဖွင့်လှစ်လိုက်သလိုမျိုး ကျနော်တော့ ယူဆပါတယ်။ ပြီးတော့ ပြည်သူတွေက မြန်မာ့တပ်မတော်ကို နိုင်ငံရေးမှာ မလိုလားကြောင်း ပြသခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ စက်တင်ဘာ ၁၈ ရက်နေ့မှာ အာဏာသိမ်းခံလိုက်ရပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို နအဖအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တယ်။ ဒါပေမဲ့ ဒီမိုကရက်တစ်အင်အားစုတွေရဲ့ ယခင်မျိုးဆက်အသီးသီးကို ပေါင်းစည်းပြီး အဆင့်မြှင့်တင်ခြင်းက အဓိကကျတယ်လို့ ကျနော်ထင်ပါတယ်၊ အခု ၃၆ နှစ်တာကာလမှာ အမှတ်ရနေတာကို တွေ့ရတာလည်း အရမ်းကောင်းပါတယ်” လို့ ပြောပါတယ်။

ဗမာ့ပြည်တွင်းစစ်ပြတိုက်အနေနဲ့ မြန်မာပြည်နိုင်ငံရေးသမိုင်းကို ပြည်သူတွေ ပိုပြီး သိမှတ်နားလည်နိုင်မယ့် ပြပွဲတွေ ဆက်လက်ကျင်းပသွားဖို့ ရှိနေပြီး ပြပွဲတိုင်းကိုတော့ “လူထုခြေရာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ဆက်လက် ပြသသွားမှာပဲ ဖြစ်ပါတယ်။

ပွဲတက်ရောက်သူ နပတ်စ်သိန်းက “ဒီကနေ့ တွေ့မြင်ရတဲ့ လူထုခြေရာ ပြပွဲဟာ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ပြပွဲကြီးလို့ ထင်ပါတယ်။ ပြပွဲကို အလွန်ကောင်းမွန်စွာ ဖွဲ့စည်းထားပြီးတော့ ၈၈ တော်လှန်ရေးကာလက ဘဝနေထိုင်မှုပုံစံတွေနဲ့ အဲ့ဒီအချိန်က နိုင်ငံရေးသတင်းစကားတွေပါဝင်တဲ့ ဝတ္ထုတိုတွေ၊ တင်ဆက်မှုတွေ အများအပြားကို တွေ့မြင်ရပါတယ်။ ဒီလို တင်ဆက်မှုတွေကို ပြသထားတာက ဒီကနေ့မှာ ဖြစ်ပျက်နေတာတွေကို ရောင်ပြန်ဟပ်နေပြီး ငါတို့ရဲ့ အတိတ်ကို အမှတ်ရစေသလို ရှေ့ကို ဆက်သွားဖို့လိုတယ်လို့ ခံစားရစေပါတယ်” လို့ ပြောပါတယ်။

ဗမာ့ပြည်တွင်းစစ်ပြတိုက် ဆိုတာကတော့ ပြည်တွင်းစစ်၊ ဗမာ့နိုင်ငံရေးသမိုင်း၊ လူထုလှုပ်ရှားမှု၊ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေနဲ့ လူမျိုးတုံးသတ်ဖြတ်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း အထောက်များ၊ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်း၊ မြေပုံ၊ နှုတ်ပြောသမိုင်း၊ အတ္ထုပ္ပတိ၊ မိန်းခွန်း၊ စာအုပ်၊ စာစောင်၊ သက်သေခံချက်များ စတာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုစည်းထားရှိတဲ့ ပြတိုက်တခုပဲ ဖြစ်ပါတယ်။

ဒေးဗစ်မတ်သီဆင်က “မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အနာဂတ် မျှော်လင့်ချက်တွေ ဆက်လက်ရှိနေဖို့ လိုအပ်တယ်လို့ ကျနော် ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါကို တကယ်အောင်မြင်အောင်လုပ်ဖို့ လူပေါင်း သန်းနဲ့ချီပြီး သိပ်ကို ကြိုးစားနေကြတယ်။ နောက်ပြီးတော့ ဒီလိုကြိုးစားနေကြသူတွေက တိုင်းပြည်က လူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခကြီးကို မြင်တဲ့ မျိုးဆက်တခုပဲ၊ ဒီဆင်းရဲဒုက္ခကြီးကို အဆုံးသတ်ဖို့ အကောင်းဆုံးနည်းလမ်းက စစ်တပ်နဲ့ မင်းအောင်လှိုင်ကို တခါတည်း ဖယ်ရှားပစ်ဖို့ပဲလို့ ကျွန်တော်ထင်ပါတယ်။ အကောင်းမြင်တဲ့ မျှော်လင့်ချက်တွေလည်း ရှိပါတယ်လို့ ထင်တယ်၊ ကျနော်တို့ ဘယ်တော့မှ စိတ်ပျက် အားငယ်မသွားသင့်ပါဘူး” လို့ ပြောပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံအပါအဝင် ခေတ်အဆက်အာဏာရှင်ဆန့်ကျင်ရေးတွေရဲ့ အဆက်ဖြစ်သလို ဒီတကြိမ်မှာတော့ လူထုရဲ့ တောင်းဆိုမှုတွေဟာ နောက်တဆင့်ကို ရောက်ရှိသွားပြီလို့လည်း ဆိုကြပါတယ်။ ၈ ရက်နေ့မှာ ကျရောက်တဲ့  ရှစ်လေးလုံး ၃၆ နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲတွေ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားမှုတွေကို နိုင်ငံအနှံ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ 

စောမင်းသိန်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013