Home
မြန်မာသတင်း
ထိုင်းရဲ ၂ ဦးအား ပစ်ခတ်ပြီး ထွက်ပြေးနေသည့် မူးယစ်တရားခံ လားဟူအမျိုးသားအား ဆုငွေ  ၅ သိန်းထုတ် 
DVB
·
July 30, 2024
Photo- ThaiPBS

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်က ထိုင်းရဲတပ်ဖွဲ့ဝင် ၂ ဦးအား ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ မူးယစ်ကုန်သည် လားဟူအမျိုးသား ၁ ဦးကို ဖမ်းဆီးရမိဖို့ သတင်းပေးနိုင်က ဆုငွေ ဘတ် ၅ သိန်းချီးမြှင့်မယ်လို့  ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။ 

လားဟူအမျိုးသား နိုင်းကျိုင်း ကျကာ (အသက် ၃၇ နှစ်) တောင်ပေါ်တိုင်းရင်းသား မှတ်ပုံတင်ကိုင်ဆောင်သူဟာ မူးယစ်ဆေးဝါး‌ရောင်းဝယ်နေကြောင်း ရဲစုံထောက်တွေက သတင်းရလို့ ဝယ်သူအယောင်ဆောင်ပြီး ဇူလိုင် ၁၁ ရက်က  သူ့အိမ်မှာ သွားရောက် ဖမ်းဆီးခဲ့ပါတယ်။ 

နိုင်းကျကာက အဖမ်းမခံဘဲ သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားတာကြောင့် နားဝိုင်နယ်မြေ ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ၁ ဦး သေဆုံးပြီး ရဲတပ်ကြပ် ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

သူ့ကိုဖမ်းဆီးရမိဖို့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ နဲ့ နယ်မြေထဲ လိုက်လံရှာဖွေခဲ့ပေမဲ့ ဖမ်းလို့ မမိခဲ့တာကြောင့် ဖမ်းမိနိုင်အောင် သတင်းပေးပါက ဘတ် ၂ သိန်း ဆုချမယ်လို့ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။ 

ဒါပေမဲ့ ရက်ပေါင်း  ၂၀ နီးပါးကြာမြင့်သည်အထိ ဖမ်းမမိသေးတာကြောင့် ဆုငွေ ဘတ် ၂ သိန်းကနေ ၅ သိန်းထိ တိုးမြှင့်ပေးမယ့်အကြောင်း အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့ ဒုရဲချုပ် ကရစ်ထားဖွန်း ယိဆာခွန်းက ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

နိုင်းကျကာဟာ အိမ်နောက်ဘက် တောထဲကနေ ထွက်ပြေးပြီး မြန်မာနယ်စပ် ဝိန်းဟိုင်မြို့နယ်ကို  ၂ နာရီ၊ ၃ နာရီထိ ခြေလျင်လျှောက်သွားခဲ့ကြောင်း၊ အဲဒီနောက် ထိုင်းနယ်စပ်နဲ့ ကီလိုမီတာ ၁၀၀ ခန့်အကွာ ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင်ထဲမှာ ခိုလှုံနေတယ်လို့ သတင်းရတာကြောင့် တဖက်နိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ တရားခံဖမ်းမိရေး ပူးပေါင်းဆောင်ရွက်ပေးဖို့ အကူအညီတောင်းထားတယ်လို့  ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသွားပါတယ်။ 

Source- ThaiPBS 

  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024