Home
မြန်မာသတင်း
စမွတ်စခွန်းတွင် မြန်မာလုပ်သားများကို ထိုင်းရဲက ဖမ်းဆီးငွေညှစ်
DVB
·
July 15, 2024
Photo-3Plus

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းမြို့က မြန်မာအလုပ်သမားတွေကို ထိုင်းရဲက ဖမ်းဆီး ငွေညှစ်နေတယ်လို့ 3Plus News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဇူလိုင် ၁၁ ရက်က မြန်မာအလုပ်သမား ၂ ဦးဟာ ဆေးရုံကို တက္ကစီကားနဲ့ သွားနေတုန်း လမ်းမှာ ထိုင်းရဲက တားဆီးစစ်ဆေးခဲ့တယ်။ သူတို့ဟာ MOU လက်မှတ်နဲ့ တရားဝင် အလုပ်လာလုပ်တာ ဖြစ်ပြီး အထောက်အထားပြည့်စုံပေမဲ့ လက်ကိုင်ဖုန်းပါ အစစ်ခံရကြောင်း၊ ဖုန်းထဲမှာ ၃ လုံးထီ (ချဲထီ) ကစားထားတာ တွေ့ရတယ်၊ ထိုင်းမှာ ချဲထီ ကစားခွင့်မပြုဘူး ဆိုပြီး ရဲစခန်းကို ခေါ်သွားတယ်၊ အခန်းတခန်းထဲမှာ တံခါးပိတ်ပြီး ဒီအမှုဟာ ထောင်ဒဏ် ၉ လကျနိုင်ပြီး ပြည်နှင်ဒဏ်ပေးခံရမယ်၊ အမှုအခင်း မဖြစ်စေချင်ရင် တဦးကို ဘတ် ၃၀၀၀၀ ပေးရမယ်လို့ ခြိမ်းခြောက်တယ်လို့ အဖမ်းခံရတဲ့ အလုပ်သမားက ချန်နယ်လ် ၃ သတင်းထောက်ကို ပြောပါတယ်။

အဲဒီအခန်းထဲမှာ သူတို့လိုပဲ နောက်ထပ် မြန်မာလုပ်သား ၅ ယောက်၊ ၆ ယောက် ထိန်းသိမ်းခံထားရလို့ အလုပ်ရှင်ကို ဖုန်းဆက်အကြောင်းကြားခဲ့တယ် လို့ ဆိုပါတယ်။

အလုပ်ရှင်ကလည်း သူတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာ သိရဖို့ ရေဒီယိုဆက်သွယ်ရေးဌာနထံ အကူအညီတောင်းပြီး စုံစမ်းခိုင်းခဲ့ပေမဲ့ ဘယ်ရဲစခန်းမှာမှ အဲဒီအလုပ်သမားတွေရဲ့ နာမည်မှတ်တမ်း မရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ချန်နယ်လ် ၃ သတင်းဌာနကို လှမ်းပြီး အကြောင်းကြားတယ်၊ သတင်းဌာနက အလုပ်သမား ပို့ပေးတဲ့ location အတိုင်း လိုက်သွားရာမှာ စမွတ်စခွန်း ရဲစခန်းဝင်းထဲက စစ်ကြောရေးအဆောင်ထဲမှာ ထိန်းသိမ်းထားတာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တကယ်လို့ အလုပ်သမားဟာ အမှန်တကယ် ဥပဒေနဲ့ မညီညွတ်ဘူးဆိုရင် လုပ်ထုံးလုပ်နည်းအတိုင်း ရဲစခန်းမှာ အမှုဖွင့်ရမယ်၊ ကိုယ်ရေးရာဇဝင် ရေးမှတ်ပြီး တရားရုံးတင်ရမယ်၊ ဥပဒေက သတ်မှတ်တဲ့ ဒဏ်ငွေ ပေးဆောင်စေရမယ်၊ အခုလို အခန်းတခန်းမှာ ခေါ်ပြီး ငွေညှစ်တာမျိုး မလုပ်သင့်ဘူးလို့ အလုပ်ရှင်က ပြောပါတယ်။

အလုပ်ရှင်က သက်ဆိုင်ရာရဲစခန်းကို တိုင်ကြားထားရာမှာ စမွတ်စခွန်း စခန်းမှူးကလည်း နယ်မြေအလိုက်၊ မြို့နယ်အလိုက် အဆင့်ဆင့် စစ်ဆေးအရေးယူသွားမယ်လို့ ချန်နယ်လ် ၃ သတင်းဌာနကို ပြောသွားပါတယ်။ အလုပ်သမားတွေ ပြန်လွတ်၊ မလွတ်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

Source-3Plus 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024