Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းတွင် VPN အသုံးပြုသူများကို စစ်ကောင်စီတပ်က ဖမ်းဆီး ငွေညှစ် 
DVB
·
June 27, 2024
Photo - CJ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်က VPN အသုံးပြုလို့ ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၇ ဦးဆီကနေ တဦးကို ငွေကျပ်  ၂၀၀,၀၀၀ အထိ တောင်းယူပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ဇွန် ၁၁ ရက်နဲ့ ၁၂ ရက်မှာ ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းတွေကို လုယူစစ်ဆေးပြီး ဖုန်းထဲမှာ VPN တွေ့ရှိတာကြောင့် အရပ်သားဒေသခံ ၇ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇွန် ၂၅ ရက်မှာတော့ လူတဦးကို ကျပ် ၂၀၀,၀၀၀ တောင်းပြီး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ပိုက်ဆံ ၂၀၀,၀၀၀ က စစ်သားတွေကို ပေးရတာ။ VPN မသုံးဖို့ ပြောပြီး ပြန်လွှတ်ပေးတာ။ နောက်တခါဆို လူကိုဖမ်း ထောင်ချမယ်လို့ ပြောသေးတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို စစ်ကောင်စီတပ်က မော်လမြိုင်ကျွန်းမြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ပြန်လွှတ်ပေးဖို့အတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် စစ်ကောင်စီတပ်ကို ငွေပေးဖို့ ပြောဆိုတောင်းယူတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီတပ်က ဦးဆောင်ပြီး ပုံစံအမျိုးမျိုးနဲ့ ငွေညှစ်နေတာ။ အရပ်သားတွေရဲ့ လက်ကိုင်ဖုန်းထဲ VPN တွေ့ရင် ငွေတောင်းတာ စစ်ကောင်စီက ဖန်တီးပေးလိုက်တဲ့ ခွင်ပဲ။ မနေ့ ၂၅ ရက်ကလည်း စစ်ကောင်စီတပ် ဦးဆောင်ပြီး VPN အသုံးပြုတာ ရှိ၊ မရှိ လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ၁ ရက်ကနေ ၂၆ ရက်အထိ အရပ်သားတွေရဲ့ လက်ကိုင်ဖုန်းတွေကို လုယူစစ်ဆေးပြီး VPN တွေ့လို့ ဖမ်းဆီးကာ ငွေညှစ်ခံရသူ ၁၄ ဦးထက် မနည်း ရှိတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက ဦးဆောင်ပြီး အလုပ်သွားချိန် ရုံးတက်ချိန် ဇွန် ၁၃ ရက် မနက်ပိုင်း မြို့တွင်း လမ်းဆုံနေရာတွေမှာ အလုပ်သမားတွေ၊ ပညာရေး ဆရာ၊ ဆရာမတွေရဲ့ ဖုန်းတွေ၊ အရပ်သားတွေရဲ့ လက်ကိုင်ဖုန်းတွေထဲမှာ VPN အသုံးပြုထားတာ ရှိမရှိ စစ်ဆေးနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013