Home
မြန်မာသတင်း
စစ်ကိုင်းသံဃာတော်များ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇနကံဆောင် 
DVB
·
June 27, 2024

စစ်တပ်ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးပျံလွန်တော်မူသွားတာနဲ့ပတ်သက်လို့  စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က ရဟန်းသံဃာတော်တွေဟာ ဇွန် ၂၆ ရက်မှာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်လိုက်ကြ ပါတယ်။

သပိတ်မှောက်ကံဆောင်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဟန်းတော်တပါးက “အထင်ကရ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးနဲ့ တခြားရဟန်းတချို့လည်း စစ်တပ်ကြောင့် ပျံတော်မူခဲ့ရတာကြောင့် ဦးပဥ္စင်းတို့အနေနဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ အရာတွေကို ဝိနည်းတော်အတိုင်း သပိတ်မှောက် ကံဆောင်လိုက်ကြတာ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ ဒေသအသီးသီးက ရဟန်းသံဃာတော် အရှင်သူမြတ်တွေ အနေနဲ့လည်း စစ်တပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ကြပါလို့ လျှောက်ထားချင်ပါတယ်” လို့ DVB ကို မိန့်ဆိုပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဟောင်း ဆရာတော်တပါးဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ မန္တလေးမှာကျင်းပမယ့် ရွှေကျင်နိကာရ သံဃာ့အစည်းအဝေးတက်ဖို့ သွားရောက်စဥ် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှု​ကြောင့် ဇွန် ၁၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ရတာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ဆရာတော်ကြီး ပျံတော်မူသွားရတဲ့အတွက် ချောင်းဦးမြို့နယ်က သံဃာတော်တွေဟာ ဇွန် ၂၃ ရက်မှာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်လိုက်ကြပြီးနောက် ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီးနဲ့ စစ်ကိုင်းမြို့နယ်တွေက ရဟန်းသံဃာတော်တွေကလည်း ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့အထိ စစ်ကောင်စီတပ်ကို သံဃာတော်တွေက သပိတ်မှောက် ကံဆောင်တဲ့ မြို့နယ် ၅ မြို့နယ်အထိ ရှိလာပြီဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ စေတီ‌တဆူမှာလည်း  ဇွန် ၂၆ ရက်က “အမှန်တရားဘက်မှာ ငါတို့ရပ်တည်မည်” အမည်နဲ့ သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို တော်လှန်ညီနောင် ၄ ဖွဲ့ဖြစ်တဲ့ Owl Community၊ LinnYoungNi Youth Association (LYNYA)၊ Kyimyindaing Networks (KMD18) နဲ့ Mayangone Democratic Front (MDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

Mayangone Democratic Front (MDF) အဖွဲ့ တာဝန်ရှိသူက “အဓိကကတော့ သံဃာတော်တွေရဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင် သံဃာ့သပိတ်ကို ပူးပေါင်းဝန်းရံပေးတဲ့ သဘောပါပဲ” လို့ ပြောပါတယ်။

“မင်းတို့စစ်ဖိနပ်အောက်မှာ ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး။ အမှန်တရားဘက်မှာ ငါတို့ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်။ ဆလိုင်းတင်မောင်ဦး စိတ်ဓာတ်ကို ကိုင်စွဲ တိုက်ပွဲဝင်ကြ၊ အရေးတော်ပုံ အောင်ကိုအောင်ရမည်” စတဲ့ ကြွေးကြော်သံတွေနဲ့အတူ အမှန်တရား ဓမ္မဘက်ကနေ ရဲရဲဝံဝံရပ်တည် တိုက်ပွဲဝင်နေကြတဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင် သံဃသပိတ်ကို ဝန်းရံတဲ့အနေနဲ့ ရည်ရွယ်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ဝောာ်လှန်ညီနောင် ၄ ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်မှာ ကျရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်ပြည့် မွေးနေ့မှာ ကျောင်းနေအရွယ် ကလေးတွေကို ထီးအလက် ၂၀၀ ကျော် လှူဒါန်းခဲ့သလို “ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ” အမည်နဲ့ လူထုပန်းသပိတ် ပြုလုပ်ခဲ့ကြ ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013