နီပေါနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေနဲ့ ရုတ်တရက် ရေကြီးတာတွေကြောင့် ပြီးခဲ့တဲ့ ၂ ရက်အတွင်း အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကာ မိုးကြိုးပစ်မှုကြောင့် နောက်ထပ် ၉ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ဇွန် ၂၆ ရက်မှာ ပြောပါတယ်။
ခတ္တမန္ဒူမြို့တော်ရဲ့ အနောက်ဘက် မိုင် ၈၀ လောက်အကွာရှိ လမ်ဂျုံခရိုင်မှာ ညတွင်းချင်း မြေပြိုမှုတွေကြောင့် နေအိမ် ၃ လုံး ပျက်စီးသွားပြီး ကလေးငယ် ၂ ဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဘဟာဒူး ဂူရွန်က ပြောပါတယ်။
နီပေါမြို့တော်ရဲ့ အရှေ့တောင်ဘက် မိုင်ပေါင်း ၃၁၀ လောက်အကွာရှိ မိုရမ်င်ခရိုင်မှာ ရေကြီးရေလျှံမှုကြောင့် အင်္ဂါနေ့ကတည်းက လူ ၄ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ခရိုင်အရာရှိ တက်ခ် ကူးမား ရဂ်မီက ပြောပါတယ်။
နီပေါနိုင်ငံ အနောက်ဘက်ရှိ ကာစကီးခရိုင်နဲ့ အရှေ့ဘက်ရှိ အုတ်ခ်ဟာဒါန်ဂါခရိုင်တို့မှာ မြေပြိုမှုကြောင့်လည်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။
ဇွန်လလယ်မှ စက်တင်ဘာလလယ်အထိ မုတ်သုံရာသီအတွင်း နီပေါတောင်တန်းအများစုမှာ အဖြစ်များတဲ့ ရေကြီးမြေပြိုမှုတွေကြောင့် နှစ်စဉ် လူရာနဲ့ချီ သေဆုံးနေရတာ ဖြစ်ပါတယ်။
Source-Reuters