Home
ဆောင်းပါး
ကမ္ဘာက မျက်နှာလွှဲထားတဲ့တိုင်အောင် မြန်မာ့စစ်ပွဲ ဘာကြောင့် အရေးကြီးနေသလဲ  
DVB
·
June 27, 2024

ကာလရှည်ကြာတဲ့အထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ မြန်မာ့ပြည်တွင်းစစ်ဟာ အရှိန်အဟုန် မြင့်တတ်လာပေမဲ့ နိုင်ငံတကာရဲ့ သတိထား အာရုံစိုက်မှုကို မရရှိသေးပါဘူး။

ပြင်းထန်တဲ့ ပြည်တွင်းစစ်ပွဲတခုဟာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံနှစ်ခုရဲ့ကြားက လူဦးရေ ၅၅ သန်းလောက်ရှိတဲ့ မြန်မာနိုင်ငံအတွက် ပြိုကွဲမှုတွေ၊ ခွဲထွက်မှုတွေ ဖြစ်ပေါ်လာနိုင်ခြေ ရှိပါတယ်။ ဒီပဋိပက္ခအပေါ် နိုင်ငံတကာရဲ့ သက်ရောက်မှုတွေ ရှိနေပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခံရမှု မရရှိပါဘူး။

ပြီးခဲ့တဲ့ ၆ လတာအတွင်းမှာပဲ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေက ခုခံတော်လှန်ရေးအဖွဲ့တွေဟာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဆင်နွှဲပြီး သူတို့ဒေသက စစ်အစိုးရရဲ့ စစ်အုပ်ချုပ်ရေးစနစ်ကို ဖြိုချဆန့်ကျင်နိုင်ခဲ့ကြတယ်လို့ မြန်မာ့အရေး အစဥ်တစိုက် လေ့လာသူတွေက ပြောဆိုကြပါတယ်။ ဒီအခြေအနေဟာ အာဏာသိမ်းစစ်အစိုးရအနေနဲ့ ပြိုကျသွားနိုင်တဲ့ အခြေအနေကို ပိုများလာစေပါတယ်။

ဒီစစ်ပွဲမှာဆိုရင် လူ့အခွင့်အရေးအများအပြား ဆုံးရှုံးနေရပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက တိုင်းပြည်ရဲ့ စီးပွားရေး ယိုင်နဲ့သွားခဲ့ပြီး သန်းနဲ့ချီတဲ့ ပြည်သူလူထုကို ဆင်းရဲတွင်း ဇောက်နက်နက်ထဲ တွန်းပို့ပေးခဲ့တာပါ။ အဲဒီလို တိုင်းပြည်မတည်ငြိမ်မှုတွေကြောင့်ပဲ မူးယစ်ဆေးဝါးမျိုးစုံရဲ့ ပင်မဌာနချုပ်ကြီးသဖွယ် ဖြစ်လာနေသလို အွန်လိုင်းငွေလိမ်လည်မှုတွေ၊ ငွေကြေးခဝါချမှုတွေက အဆမတန် ကြီးထွားလာနေပါတယ်။ အဲဒီဂယက်ရိုက်မှုတွေကြောင့်ပဲ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံတကာအတွက် မေ့ထားလို့မရဘဲ အလေးထားစဥ်းစားရတဲ့ ပြဿနာတခု ဖြစ်လာနေတာပါ။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ မဟုတ်ပါဘူး။ စစ်တပ်က လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝန်းကျင်မှာ ရွေးကောက်ပွဲ ကျင်းပခွင့်ပေးခဲ့ပြီး နိုင်ငံ့လွတ်လပ်ရေးခေါင်းဆောင်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အကျဥ်းထောင်ကနေ လွှတ်ပေးခဲ့ပြီး တိုင်းပြုပြည်ပြု လွှတ်တော်ထဲ ဝင်ရောက်ခွင့် ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရပ်သားအစိုးရကို ဦးဆောင်နိုင်ခဲ့ပေမဲ့ စစ်တပ်ဟာ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို ကိုင်စွဲပြီး အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ဆက်လက်ထိန်းချုပ် ကိုင်တွယ်ထားခဲ့ပါတယ်။

၂၀၂၁ ခုနစ်မှာတော့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ လူ့အခွင့်အရေးရဲ့ ပြယုဂ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပါတယ်။ အဲဒီနောက် ဖြစ်ပေါ်လာတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြလူအုပ်ကြီးတွေနဲ့ အနည်းငယ်သော လက်တုံ့ပြန်တိုက်ခိုက်တဲ့ ဖြစ်စဥ်တွေကို ရက်ရက်စက်စက် ဖြိုခွင်းပြီး ရပ်တန့်စေခဲ့ပါတယ်။

မြန်မာ့ပြည်တွင်းစစ်ဟာ စစ်ပွဲအသစ်တခု မဟုတ်ပါဘူး။ ဗြိတိသျှကိုလိုနီလက်အောက်ခံ ဘဝကနေ လွတ်လပ်ရေး ရရှိပြီးကတည်းက မြန်မာစစ်တပ်ဟာ ဆန့်ကျင်ရေးစစ်ပွဲတွေ ရင်ဆိုင်နေရတာပါ။ မကြာသေးခင်က တိုက်ပွဲတွေဟာ သမားရိုးကျ ဖြစ်ပေါ်လာတာမျိုး မဟုတ်ပါဘူး။ မြန်မာစစ်တပ်ကို နှစ်ရှည်လများ ခုခံစစ်ပွဲ ဆင်နွှဲခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေဆီက ဗမာလူမျိုးအများစု ပါဝင်တဲ့ အရပ်သားတွေဟာ ဗမာစစ်တပ်ကို ဆန့်ကျင်ခုခံဖို့ လိုအပ်တဲ့ လက်နက်ခဲယမ်း အကူအညီတွေ ရရှိခဲ့တာဖြစ်ပါတယ်။

အာဏာမသိမ်းခင် နှစ်ကာလတွေမှာလည်း မြန်မာနိုင်ငံဟာ ဖိနှိပ်ချုပ်ချယ်မှုတွေ အပြည့်ရှိတဲ့ စစ်အုပ်ချုပ်ရေးနဲ့ ကင်းကွာခွင့်ရတာဟာ ဆယ်စုနှစ်လျော့လျော့ပဲ ရှိနေပါသေးတယ်။ FORD၊ ကိုကာကိုလာနဲ့ Mastercard စတဲ့ ကုမ္ပဏီလုပ်ငန်းကြီးတွေဟာလည်း အကြီးအကျယ် လာရောက် ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ အစည်ကားဆုံး မြို့တော်ရန်ကုန်မှာ ဆိုရင်လည်း ကိုလိုနီခေတ် အစိုးရအဆောက်အအုံတွေ၊ ရွှေရောင်ဝင်းလက်နေတဲ့ ဘုရားစေတီတွေကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွား တိုးပွားလာနေခဲ့တာပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ရန်ကုန်ဟာ မကြာခဏ ဗုံးပေါက်ကွဲမှုတွေကြောင့် စိုးရိမ်စရာ မြို့တော်တခုအဖြစ်ကို ဆိုက်ရောက်သွားပါတယ်။ အနောက်အုပ်စုနိုင်ငံတွေဟာလည်း စစ်အစိုးရအဖွဲ့ဝင်တွေ၊ ပုဂ္ဂိုလ်တွေကို အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်နေပါတယ်။ ထောင်နဲ့ချီတဲ့ လူလတ်တန်းစား အရပ်သားပြည်သူတွေဟာလည်း စစ်တပ်ကို ခုခံဆန့်ကျင်ဖို့အတွက် သက်တမ်းရင့်နေပြီဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဆီကို တောခိုသွားခဲ့ကြပါတယ်။

တိုက်ပွဲရဲ့ အဓိက ဝန်ထုပ်ဝန်ပိုးတွေကိုတော့ အရပ်သားပြည်သူတွေကပဲ ထမ်းပိုးထားရပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သားထောင်ချီ သတ်ဖြတ်ခံခဲ့ရပြီး ပြည်သူ ၃ သန်းကျော်လောက်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ တိုင်းပြည်ဟာ မြေမြှုပ်မိုင်းနဲ့ မိုင်းအမျိုးမျိုး ပြန့်ကျဲနေတဲ့ နယ်မြေကြီးတခု ဖြစ်နေပါပြီ။ ဆိုးဝါးလှတဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် လူလတ်တန်းစားပြည်သူတွေဟာ ဆင်းရဲ့ချို့တဲ့မှုဒဏ်ကို အပြင်းအထန် ခံစားနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

စစ်အစိုးရဟာ အရပ်သား ဆရာဝန်တွေကို ပစ်မှတ်ထား ဖမ်းဆီးအရေးယူနေတဲ့အတွက် ကျန်းမာရေးကဏ္ဍဟာလည်း အကျပ်အတည်း ဆိုက်ရောက်နေပါတယ်။ ကျန်းမာရေး လိုအပ်ချက်တွေ အများအပြားရှိတဲ့ထဲကမှာ ကလေးသူငယ် ကာကွယ်ဆေးထိုးနှံရေး အစီအစဥ်တွေလည်း မဖြစ်မနေ ရပ်တန့်ထားရပြီး ငှက်ဖျားရောဂါ ဖြစ်ပွားမှုလည်း တိုးပွားလာနေပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ ခုခံအားကျဆင်းမှုရောဂါ (H.I.V) နဲ့ တီဘီရောဂါ ပြန့်ပွားလာမှုအတွက် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

ခုခံတော်လှန်ရေးအဖွဲ့တွေဟာဆိုရင် အောက်တိုဘာလကတည်းက နယ်မြေသိမ်းပိုက်မှုတွေ ပြုလုပ်လာပြီး ရှမ်းပြည်နယ်ထဲမှာဆိုရင် တရုတ်နယ်စပ်တလျှောက်က်မှာရှိတဲ့ ခုခံတော်လှန်ရေး မဟာမိတ်အဖွဲ့တွေက မြို့အများအပြားကို သိမ်းပိုက် ထိန်းချုပ်လိုက်ပါတယ်။ နယ်စပ်ဒေသတွေမှာ နေထိုင်ပြီး တိုက်ခိုက်ရေးနည်းပညာတွေကို သင်ယူခဲ့ကြပြီး တက်မြောက်လာကြတဲ့ တချို့အဖွဲ့တွေကတော့ စစ်အစိုးရ ဗဟိုရုံးစိုက်ရာ နေပြည်တော်ကို မောင်းသူမဲ့လေယာဥ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။

မကြာသေးခင်ကပဲ ကရင်ပြည်နယ်က ကရင့်လက်နက်ကိုင်တော်လှန်ရေးတပ်ဟာ ကုန်သွယ်ရေး နယ်စပ်မြို့ တမြို့ကို အပြီးတိုင် သိမ်းပိုက်ထားခဲ့ပါသေးတယ်။ ရန်ကုန်မြို့အရှေ့ဘက်၊ မြန်မာ-ထိုင်း နယ်စပ်မှာရှိတဲ့ မြို့ဖြစ်ပြီး မထင်မှတ်ထားစရာ ကောင်းလောက်အောင် ဖြစ်ခဲ့ကြရပါတယ်။ အဲဒီ ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကရင်နီပြည်နယ်ဟာဆိုရင်လည်း စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်ကနေ ပထမဆုံး ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံအရှေ့တောင်ဘက် ကချင်ဒေသက ဝင်ငွေကောင်းတဲ့ ကျောက်စိမ်းတွင်းတွေနဲ့ အနောက်ဘက်နယ်စပ်က ရခိုင်ပြည်နယ်က သဘာဝဓာတ်ငွေ့စီမံကိန်းတွေရှိတဲ့ ဒေသတွေကိုလည်း စစ်တပ်က ထိန်းချုပ်ထားပါတယ်။ ရခိုင်ဒေသဟာဆိုရင် တချိန်က စစ်တပ်နဲ့ သူ့ရဲ့လက်နက်ကိုင်တပ်ဟာ ရိုဟင်ဂျာ မူဆလင် သိန်းချီကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ရတဲ့အထိ ဖိနှိပ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

နိုင်ငံတကာကို ဂယက်ရိုက်လာသော ပဋိပက္ခ

လက်ရှိ စစ်ပွဲတွေဟာ ဒေသတွင်း နိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကိုပါ အကျိုးသက်ရောက်မှုတွေ ရှိလာပါတယ်။ ရုရှားနဲ့ နိုင်ငံတချို့ဟာဆိုရင် ၂၀၂၁ အာဏာသိမ်းမှု အပြီးကနေ အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံဖိုးလောက် မြန်မာစစ်တပ်ကို လက်နက်ရောင်းချခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံဟာဆိုရင် မြန်မာနိုင်ငံတဝန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိလာနိုင်တဲ့အပေါ် မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက် မတည်ငြိမ်မှုတွေအပေါ် နှစ်ကာလအတော်ကြာ စိုးရိမ်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံဟာဆိုရင် မြန်မာဒုက္ခသည်တွေကို ပြည်နှင်ဒဏ်ပေးတာတွေ လုပ်ဆောင်နေပါတယ်။

အလားတူပဲ အရှေ့ဘက် အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံဟာလည်း (ကုလသမဂ္ဂ ခန့်မှန်းချက်အရ) နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ဒုက္ခသည် ၄၀,၀၀၀ ကျော်အတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်လည်ပို့ဆောင်ရေးကိစ္စ ကြိုးပမ်းအားထုတ်မှုအတွက် တားဆီးပိတ်ပင်မှုတွေ ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း မြန်မာစစ်တပ်ကို ခုခံဆန့်ကျင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို လက်နက်ခဲယမ်း မဟုတ်တဲ့ အကူအညီ ပစ္စည်းတွေ ထောက်ပံ့မှုတွေကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

ကဲ ဒီတော့ မြန်မာ့အရေးကို နိုင်ငံတကာက ဘာ့ကြောင့် စိတ်ဝင်စားမှု လျော့လာကြသလဲဆိုရင် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ကျူးလွန်သတ်ဖြတ်မှုတွေအပေါ် တာဝန်ယူ၊ တာဝန်ခံမှု ကိစ္စတွေနဲ့ ပတ်သတ်လို့ စစ်ဗိုလ်ချုပ်တွေ ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ထုချေပေးခဲ့တာတွေကြောင့် ဖြစ်နိုင်ပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူလည်းဖြစ် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခတွေကို လေ့လာအကြံပေးသူတဦးဖြစ်တဲ့ ရစ်ချက်ဟော်ဆေးက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းမှုဟာ လက်ရှိစစ်ပွဲအပေါ် နိုင်ငံတကာက အာရုံစိုက်လာဖို့ အဓိကအချက်ဖြစ်တဲ့ ‘ဒီမိုကရေစီနဲ့ စစ်ဗိုလ်ချုပ်ကြီးများ၏ အရှုပ်ထုပ်များအကြောင်း’ ကို တိမ်မြုပ် မှေးမှိန်သွားစေတယ်” လို့ ဆိုပါတယ်။ ဒါ့အပြင် “သူမရဲ့ သြဇာသက်ရောက်တဲ့ စကားလုံးတွေ ပျောက်ကွယ်သွားပြီ၊ အခုက ဆူဒန်လို၊ ဟေတီနိုင်ငံတို့လိုပဲ နိုင်ငံတကာစိတ်ဝင်စားမှု မရရှိတော့ဘူး” လို့ ပြောပြန်ပါတယ်။

ငြိမ်းမောင် (ပ.တ.တ)

၂၀၂၄ ဧပြီလထုတ် The New York Times သတင်းစာမှ ဆောင်းပါးရှင် Mike Ives ရဲ့ Why Myanmar's War Matters, Even if the World Isnt Watching ဆောင်းပါးကို သင့်လျော်အောင် ထုတ်နုတ်ဘာသာပြန်ဆိုသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024