Home
မြန်မာသတင်း
စလင်းပကဖဂိတ်တိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦးကျဆုံး၊ မိုးကုတ်တိုက်ပွဲတွင် ပြည်သူ ၁ ဦးသေပြီး ၇ ဦး ဒဏ်ရာရ 
DVB
·
June 27, 2024

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျွန်းချောင်းရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဂိတ်ပွိုင့်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့လို့ ရဲဘော် ၃ ဦး ကျဆုံးပြီး လက်နက်အချို့ ဆုံးရှုံးခဲ့ရတယ်လို့ စလင်း ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဇွန် ၂၆ ရက် မနက် ၆ နာရီမှာ ကျွန်းချောင်းရွာ ဂိတ်ပွိုင့်ကို ကပစ-၂၁ က စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်က ဝင်ရောက်စီးနင်းခဲ့ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့ကာ ရဲဘော် ၁ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း AK သေနတ်နဲ့ G3 သေနတ် ၁ လက်စီ ဆုံးရှုံးခဲ့ပြီး အထိုင်ဂိတ်ပွိုင့်ကိုလည်း စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စလင်း ပကဖ ပြန်ကြားရေးတာဝန်ခံက “မနက် ၆ နာရီ ဝန်းကျင်က စလင်းမြို့နယ် ကျွန်းချောင်းရွာ ဂိတ်ပွိုင့်ကို စကစဘက်က အင်အားအလုံးအရင်းနဲ့ လက်နက်ကြီး လက်နက်ငယ်တွေ ဆက်တိုက်ပစ် ဝင်လာတာဗျ။ အဲ့အချိန်မှ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပြီး ရဲဘော် ၃ ဦး အသက်ပေးလှူခဲ့တယ်ဗျ၊ အထိုင်ဂိတ်ပွိုင့်လည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ ကျဆုံးရဲဘော်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော် ဘာမှ မပြောချင်သေးဘူးဗျ” လို့ ပြောပါတယ်။

စစ်ကြောင်းက ဇွန် ၂၆ ရက် ညနေမှာ ကပစ ၂၁ အတွင်း ပြန်လည်ဝင်ရောက်သွားပြီး ကျွန်းချောင်းရွာအနီးမှာ ကင်းပုန်းတွေ ချထားခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းမှာ ဇွန် ၂၅ ရက်နဲ့ ၂၆ ရက် တိုက်ပွဲအတွင်း နေအိမ်ပေါ် လက်နက်ကြီးကျတာကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း အောင်နီလာ ၁ ရပ်ကွက်မှာ ဇွန် ၂၅ ရက် ညနေက လက်နက်ကြီးစ ထိမှန်တာကြောင့် အမျိုးသားတဦး၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဇွန် ၂၆ ရက်မှာ အုန်းပင်ရပ်ကွက်က မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကသဲသူဋ္ဌေးကုန်းရပ်ကွက်က အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အနောက်ပိုင်းမှာ နေထိုင်သူတဦးက “တိုက်ပွဲအတွင်း လက်နက်ကြီးကျတာဆိုတော့ ဘယ်ဘက်ကပစ်လဲဆိုတာ မသိရသေးဘူး၊ အခုလက်ရှိ ထိခိုက်ဒဏ်ရာရထားသူတွေကိုတော့ အရှေ့ပိုင်းဆေးရုံကို ပို့ပြီး ဆေးကုသထားပါတယ်” လို့ ပြောပါတယ်။

မိုးကုတ်မြို့မှာ ဇွန် ၂၆ ရက် ည ၈ နာရီခွဲကစတင်ပြီး ည ၉ နာရီကျော်အထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၉ လုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အချို့ ထိခိုက်တာရှိပေမဲ့ လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းကို စစ်တပ်က လေကြောင်းသုံး ဗုံးကြဲတာကြောင့် ရွှေမြင်ဝင်းအနီးမှာ ၄ လုံး၊ မယ်နန်းကြည်တောင်ဘက်မှာ ၂ လုံး၊ ဘော်လုံးလေးရွာဘက်မှာ ၂ လုံးနဲ့ မြို့တွင်း နာရီစင်နား ၂ လုံး၊ ပန်းသပြေဘက်မှာ ၂ လုံး ကြဲချသွားခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ ကျပ်ပြင်ရဲစခန်းအနီးနဲ့ မြို့ထဲက ရပ်ကွက်တချို့က ဒေသခံတွေ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ မြို့ပြင်ကျေးရွာတွေကို ဇွန် ၂၇ ရက် မနက်ပိုင်းမှာ တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013