တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ ယန်ဇီမြစ်တလျှောက်ရှိ ကျေးရွာတွေနဲ့ လယ်မြေတွေ ရေကြီးနစ်မြုပ်နေပါတယ်။
ယန်စီမြစ်လယ်နဲ့ မြစ်အောက်ပိုင်းတို့မှာ မိုးရွာသွန်းမှုက စံချိန်တင် များပြားခဲ့ပြီး ဟူနန်ပြည်နယ်ရှိ စပါးအဓိကစိုက်ပျိုးတဲ့ တောင်းယွမ်ခရိုင်မှာ လယ်ကွင်းပေါင်း ဧက ၁၈၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း CCTV သတင်းမှာ ဖော်ပြပါတယ်။
လယ်သမားတွေဟာ ဆုံးရှုံးမှုကို ပြန်ထေမိအောင် ရာသီနှောင်းစပါးကို ပြန်စိုက်နေကြပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟူနန်ပြည်နယ်ရှိ ရှီအန်းမြစ်ရဲ့ ရေမျက်နှာပြင်ဟာ ဗုဒ္ဓဟူးနေ့မှာ ရေလွှမ်းမိုးမှုအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။
ကျန်းရှီးပြည်နယ်ရှိ အကြီးဆုံး ရေချိုအိုင်ဖြစ်တဲ့ ဖိုယန်းရေကန်ကြီးရဲ့ ရေအဆင့်ဟာ ရေလွှမ်းမိုးမှု သတိပေးချက်အဆင့်ကို နီးကပ်လာနေပြီး ဇွန်လ ၂၇ ရက်မှာ ရေကြီးနိုင်ဖွယ်ရှိကြောင်း CCTV သတင်းအရ သိရပါတယ်။
ရာသီဥတု လွန်ကဲမှုကြောင့် မုန်တိုင်းတွေ ပိုမိုပြင်းထန်လာပြီး မှန်းဆလို့မရနိုင်တာကြောင့် အဆောက်အဦတွေ များပြားကာ လူနေထူထပ်တဲ့ မြို့ကြီးတွေမှာ ရေစီးရေလာ ရေမြောင်းစနစ်တွေ ညံ့ဖျင်းမှုကြောင့် ရုတ်တရက် ရေကြီးရေလျှံ ဖြစ်ပွားရပါတယ်။
တရုတ်နိုင်ငံ ကျေးလက်ဒေသတွေမှာ မြေပြိုမှုတွေဟာ လူသေဆုံးမှုရဲ့ အဓိကအကြောင်းရင်း တခုလည်း ဖြစ်ပါတယ်။
Source-Reuters