Home
မြန်မာသတင်း
မြစ်ကြီးနားတွင် စားအုန်းဆီ အဝင်နည်းသဖြင့် ဈေးနှုန်းမြင့်မားလာ
DVB
·
June 27, 2024
စားအုန်းဆီဝယ်ယူရန် စောင့်ဆိုင်းနေသူများ။ photo Crd-CJ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  စားအုန်းဆီ ဝင်ရောက်မှု နည်းပါးလာပြီး ဈေးနှုန်းမြင့်မားလာတာကြောင့် အခက်အခဲကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့အတွင်းကို အခြားတိုင်းနဲ့ ပြည်နယ်တွေကနေ စားအုန်းဆီ မေလကုန်ပိုင်းမှ စတင်ကာ ဝင်ရောက်မှု နည်းပါးလာပြီး ယခင်ထက် ဈေးနှုန်း မြင့်မားလာတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ မေလကုန်လောက်ကစပြီး စားအုန်းဆီ အဝင်နည်းလာတယ်။ လက္ကားဆိုင်ကြီးတွေမှာ  ဆီ အဝင်နည်းလာတော့ ဈေးကတော့ တဖြည်းဖြည်းချင်း တက်လာတယ်။ အချို့ဆိုင်တွေမှာဆို  စားအုန်းဆီ မရောင်းတော့ဘူး” လို့ မြစ်ကြီးနားမြို့  ကုန်စုံဆိုင်ရှင်တဦးက ပြောပါတယ်။

ယခင်က စားအုန်းဆီ တပိဿာကို  ပြင်ပဈေးဆိုင်တွေမှာ ကျပ် ၈၀၀၀ မှ ကျပ် ၁၀,၀၀၀ ဝန်းကျင် ရောင်းချရာမှ ဇွန်လပိုင်းဆန်းပိုင်းမှာ ၁၀၃,၀၀၀ မှ ကျပ် ၁၀၇,၀၀၀ ဝန်းကျင်အထိ ရောင်းချနေကြပါတယ်။

ပြင်ပ ဈေးကွက်ရှိ စားအုန်းဆီ ဆိုင်တွေမှာ ဆီတပိဿာကို ၁၀၃,၀၀၀ မှ ကျပ် ၁၀၇,၀၀၀  ဝန်းကျင်ရောင်းချနေပြီး စစ်ကောင်စီ လက်အောက်ခံ စားအုန်းဆီ သက်သာဆိုင်တွေမှာတော့ ခွဲတမ်းချ တန်းစီ စနစ်နဲ့ ဈေးနှုန်းမြင့်တက်ကာ  ရောင်းချပေးနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့နေ အမျိုးသမီးတဦးက “သက်သာဆိုင်တွေမှာတော့ အရင်က တဦးကို ၂ ပိဿာ ရောင်းပေးတယ်။ မနက် ၉နာရီ လောက်ဆို စရောင်းပေးတာ။ ဝယ်တဲ့သူက အရမ်းများတော့ အစောကြီး ထတန်းစီရတယ်။ အခု လူတဦးကို တပိဿာပဲ ရောင်းပေးတော့တယ်။ စားအုန်းဆီ အဝင်နည်းတာရယ်၊ တန်းစီတဲ့သူတွေ ရန်ဖြစ်လို့ရယ်ဆိုပြီး တဦးကို တပိဿာပဲ ရောင်းတော့တယ် နေ့တိုင်းတော့ မရောင်းဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ သက်သာဆိုင်တွေမှာ ယခင်က စားအုန်းဆီ တပိဿာ ၅၀၀၀ ပတ်ဝန်းကျင်ရောင်းချနေရာမှ အခု ဇွန်လလယ်ပိုင်းမှာ တပိဿာ ကျပ် ၆၇၀၀ နှုန်းနဲ့ ရောင်းချနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။   

ပြည်ပက စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီ ၈ ခုကိုလည်း မသမာမှုပြုလုပ်တယ်ဆိုတဲ့ အချက်နဲ့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်ကစတင်ပြီး အမည်ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013