အမေရိကန်အခြေစိုက် ဝေါလ်စထရိဂျာနယ်ရဲ့ သတင်းထောက် အီဗန်ဂရက်ရှ်ကိုဗစ်ချ်ဟာ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) အတွက် အလုပ်လုပ်ပေးနေတယ်လို့ ရုရှားက စွပ်စွဲလိုက်ပါတယ်။
သတင်းထောက် အီဗန်ဂရက်ရှ်ကိုဗစ်ချ်ဟာ ရုရှားကာကွယ်ရေးလုပ်ငန်းတခုနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို စုဆောင်းခဲ့တယ်ဆိုတဲ့ သက်သေတွေရှိနေတယ်လို့ ရုရှားအစိုးရ ရှေ့နေက တရားခွင်မှာ ဇွန် ၂၆ရက်က ပြောပါတယ်။
ဂရက်ရှ်ကိုဗစ်ချ်ဟာ သူလျှိုမှုဖြစ်တဲ့ ရုရှားရဲ့ ရာဇဝတ်မှု ပုဒ်မ ၂၇၆ အတွင်း စာရင်းပြုစုထားတဲ့ ရာဇဝတ်မှုကို ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတာပါ။
CIA ရဲ့ ညွှန်ကြားချက်အရ ဆေးလ်ဗားလာ့ဗ်စ်ခ်ဒေသထဲက စစ်ဘက်ပစ္စည်းကိရိယာတွေ ထုတ်လုပ် ပြင်ဆင်တဲ့ ကာကွယ်ရေးလုပ်ငန်းရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကို အမေရိကန် သတင်းထောက်က စုဆောင်းခဲ့တာကို စုံစမ်းစစ်ဆေးတာတွေလုပ်ပြီး မှတ်တမ်းတင်ထားတယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။
ဩဂုတ် ၁၃ ရက်မှာ ဒီအမှုအတွက် နောက်တကြိမ် တရားရုံးကြားနာပွဲ ရှိတယ်လို့ တရားရုံးက ပြောပါတယ်။
Source-Reuters