မြန်မာပြည်ကပေးပို့လာမယ့် ဆင်ကောင်ရေ ၄ ကောင်ကို လက်မခံဖို့ ဂျပန်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတချို့က ဖူကူအိုကာတိရစ္ဆာန်ရုံကို တောင်းဆိုလိုက်တယ်လို့ သည်အဆာဟိ ရှင်းဘွန်း ဂျပန်သတင်းစာမှာ ဖော်ပြပါတယ်။
ဖူကူအိုကာမှာ နေထိုင်တဲ့ မြန်မာအမျိုးသမီး ၂ ဦးနဲ့ တိုကျိုမြို့နေ ဦးမြင့်ဆွေတို့က သူတို့မွေးရပ်နိုင်ငံ မြန်မာပြည်က ဆင်တွေ လက်ခံတာကို ရွှေ့ဆိုင်းဖို့ တိရစ္ဆာန်ရုံကို ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာ သွားရောက် တောင်းဆိုခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီက သံတမန်ရေးရာ ရည်ရွယ်ချက်အတွက် တိရစ္ဆာန်တွေကို အသုံးပြုနေတာဖြစ်တယ်လို့ ပြောလိုက်တာပါ။
ဖူကူအို ကာတိရစ္ဆာန်ရုံဘက်ကတော့ မြန်မာနိုင်ငံက အာရှဆင် ၄ ကောင်ကို ဇူလိုင်လမှာ လက်ခံဖို့ စီစဉ်ထားပြီး ဒီတောင်းဆိုမှုကို ငြင်းဆန်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဂျပန်တိရစ္ဆာန်ရုံအရာရှိက “အခုအချိန် ဆင်တွေကို လက်ခံတာက မွေးမြူရေးနဲ့ ဆင်တွေရဲ့ ဇီဝဗေဒဆိုင်ရာ သုတေသနပြုမှုအတွက် ရည်ရွယ်တဲ့ နှစ်နိုင်ငံကြား အပြန်အလှန်အ ကျိုးသက်ရောက်မှုတခုဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဆင်လက်မခံဖို့တိုက်တွန်းခဲ့တဲ့ မြန်မာနိုင်ငံသားတွေက “အရင်တုန်းက နိုင်ငံချင်း သံတမန် နည်းလမ်းအရ ဆင်တွေ ပို့ပေးခဲ့တာကို အခွင့်ကောင်း ယူပြီးတော့ စစ်အစိုးရက လုပ်ဆောင်နေတာပါ။ ဒီတစ်ကြိမ်မှာလည်း သူတို့ရဲ့ နိုင်ငံရေး အကျိုးအမြတ်အတွက် ဆင်တွေ ပေးပို့မှု အများဆုံးဖြစ်အောင် ကြိုးစားနေတာ”လို့ ပြောပါတယ်။
မြန်မာနိုင်ငံသား ၃ ဦးက တိရစ္ဆာန်ရုံကို မြန်မာကပို့တဲ့ ဆင်တွေကို ဒီမိုကရေစီအစိုးရတရပ် မထူထောင်နိုင်ခင်မှာ လက်ခံတာကို အချိန်ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့က တိရိစ္ဆာန်ရုံအနေနဲ့ ဒီဆင်တွေကို လက်ခံမယ်ဆိုရင်လည်း လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ရှင်းလင်းပြထားတဲ့ ပြခန်းတခု ထည့်သွင်းပြသဖို့ အကြံ ပြုခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဖူကူအိုကာတိရစ္ဆာန်ရုံဘက်ကတော့ သူတို့ရဲ့ အစီအစဉ်ကို ပြောင်းလဲဖို့မရှိဘဲ သူတို့အနေနဲ့ မြန်မာနိုင်ငံက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နဲ့ တိရစ္ဆာန်တွေ ဖလှယ်ရေးဆိုင်ရာ စာချွန်လွှာကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
ဖူကူအိုကာ တိရစ္ဆာန်ရုံ တာဝန်ရှိသူတဦးက “ကလေးတွေ အပါအဝင် လူတော်တော် များများက ဆင်တွေကို မကြာခင်မှာ တွေ့ချင်တယ်လို့ ပြောနေကြတယ်။ ဒါကြောင့် တာဝန်ရှိတဲ့ အဖွဲ့အစည်းတခုအနေနဲ့ တိရစ္ဆာန်တွေရဲ့ မျိုးပွားမှုနဲ့ ဇီဝဗေဒဆိုင်ရာ သုတေသနပြုမှုဆိုင်ရာ ပညာရပ်ဆိုင်ရာ ဖလှယ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။
တိရစ္ဆာန်ရုံအနေနဲ့ ဆင်တွေကို သူတို့ပတ်ဝန်းကျင်အသစ်မှာ ချောချောမွေ့မွေ့ လိုက်လျောညီထွေ နေထိုင်နိုင်မယ်ဆိုရင် လာမယ့် အောက်တိုဘာလထဲမှာ အများပြည်သူကို ပြသဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
Source: Asahi