ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၆ နှစ် ပြည့် နှစ်ပတ်နေ့အထိမ်းအမှတ်နဲ့ အကြမ်းဖက်စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချတဲ့ လှုပ်ရှားမှုကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရှေ့မှာ ဩဂုတ် ၈ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထောက်ခံအားပေးတဲ့ ဂျပန်နိုင်ငံသားတွေ စုစုပေါင်း ၂၀၀ လောက် ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ်က မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတော်လှန်ရေးကို အခုမျိုးဆက်အသီးအသီးနဲ့အတူ စစ်အာဏာရှင်အပြီးသတ်ချုပ်ငြိမ်းတဲ့အထိ ဆက်လက်လှုပ်ရှား သွားမယ်လို့ ၁၉၈၈ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ဦးဝင်းကျော်က ပြောတယ်။
သံရုံးရောက်ရောက်လာတဲ့ မြန်မာ့ရေးလှုပ်ရှားသူတွေက ခေတ်အဆက်ဆက် ဒီမိုကရေစီရေးအတွက် အသက်ပေးခဲ့ကြသူ တော်လှန်ရေးသူ ရဲကောင်းတွေကို ဂုဏ်ယူဦးညွတ် အလေးပြုခဲ့ကြပြီး ရှစ်လေးလုံးစိတ်ဓာတ်အဓွန့်ရှည်စေရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးရေးနဲ့ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးရေး ဂျပန် -မြန်မာနှစ်ဘာသာနဲ့ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။