
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လတာ ကာလအတွင်း မြို့နယ်အသီးသီးက ရရှိခဲ့တဲ့ အခွန်ဝင်ငွေ ၅၃ ရာခိုင်နှုန်းကို ဌာနအသီးသီးမှာ မျှဝေအသုံးပြုခဲ့ပြီး နိုင်ငံတကာက ရရှိငွေ ၄၆ ရာခိုင်နှုန်းနဲ့ တခြားဝင်ငွေ ၁ ရာခိုင်နှုန်းကိုလည်း စစ်ရှောင်တွေအရေးနဲ့ ပရောဂျက်အလိုက် အသုံးပြုခဲ့တယ်လို့ သြဂုတ် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “အခွန်ငွေက ရ သုံး မှန်းခြေ အနေနဲ့ ပြန်လည်သုံးစွဲတာပေါ့နော်။ ဌာနတွေရယ် မြို့နယ်တွေရယ်မှာ သုံးစွဲခြင်းဖြစ်ပါတယ်။ နိုင်ငံတကာ အလှူငွေကတော့ ပရောဂျက်ပုံစံ၊ ပရိုဂရမ်ပုံစံ သွားတာဖြစ်လို့ နှစ်ဦးနှစ်ဖက် သဘောတူထားပြီးသား အသုံးစရိတ် ဖြစ်တာပေါ့နော်။ လွယ်လွယ်ကူကူပြောရရင် ရေပေးဆို ရေပေးတယ်ပေါ့နော်၊ ဆန်ဝယ်ပေးဆို ဆန်ပေးတယ်ပေါ့နော်၊ IEC က ဌာနတချို့ကနေ ဆောင်ရွက်ပေးတာမျိုး ရှိတယ်။ သို့တည်းမဟုတ် သက်ဆိုင်ရာတွေကနေတဆင့် အကောင်အထည်ဖော်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်” လို့ ပြောပါတယ်။
၆ လတာ ကာလအတွင်း အခွန်ငွေကနေ ရရှိလာတဲ့ ဘတ် ၂၆ သန်းကျော်ကို ရာခိုင်နှုန်းတွေအနေနဲ့ ကရင်နီပြည် ရဲဌာနခွဲအတွက် ၂ဝ ဒသမ ၉၁ ရာခိုင်နှုန်း၊ တရားရေးဌာန ၈ ဒသမ ၁၁၊ ကျန်းမာရေး ၇ ဒသမ ၆၊ အရေးပေါ်ငွေစာရင်း ၆ ဒသမ ၇၇၊ ပြည်ထဲရေးဌာနခွဲ-လူဝင်မှုကြီးကြပ်ရေးဌာန ၆ ဒသမ ၇၇၊ ပြည်ထဲရေးဌာနခွဲ-အရေးပေါ်ကယ်ဆယ်ရေးဌာန ၆ ဒသမ ၆၂၊ ကရင်နီကြားကာလ တရားစီရင်ရေး ၅ ဒသမ ၅၈၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန ၅ ဒသမ ၅၁၊ ဦးစီးကောင်စီရုံး ၄ ဒသမ ၉၊ ပညာရေးဌာန ၃ ဒသမ ၉၃ ရာခိုင်နှုန်း သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
ကုန်သွယ်ရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာန ၃ ဒသမ ၇၁၊ ကရင်နီပြည်ကြားကာလလွှတ်တော် ၃ ဒသမ ၂၉၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဌာန ၃ ဒသမ ၁၃၊ စီမံကိန်း ဘဏ္ဍာရေးနဲ့ အခွန်ဌာန ၂ ဒသမ ၇၇၊ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန ၂ ဒသမ ၅၃၊ ပြည်ထဲရေး ၂ ဒသမ ၅၁၊ ပြည်သူ့အုပ်ချုပ်ရေးဌာန ၂ ဒသမ ၀၂၊ ဆောက်လုပ်ရေးဌာန ၁ ဒသမ ၉၆၊ လူငယ်ရေးရာ ၁ ဒသမ ၃၈ ရာခိုင်နှုန်းတို့ မျှဝေသုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာက ရရှိငွေတွေနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးတာ၊ ဆန်ပြတ်လပ်တဲ့ စခန်းတွေနဲ့ စစ်ရှောင်စခန်းသစ်တွေကို ဆန်ဝေတာ၊ စစ်ရှောင်စခန်းတွေအတွက် ရေပေးဝေတာ၊ ပျက်စီးနေတဲ့ တံတားတွေကို ပြုပြင်တာတွေ ပြုလုပ်ဖြစ်တယ်လို့ သိရပါတယ်။