Home
နိုင်ငံတကာ
ရုရှားရေနံဝယ်သည့် အိန္ဒိယကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း ကောက်မည်ဟု ထရမ့်ပ် ကြေညာ
DVB
·
August 7, 2025
Photo: REUTERS / U.S. NETWORK POOL / WHITEHOUSE.GOV / RUSSIAN POOL / HOST TV

ရုရှားရေနံဝယ်ယူတဲ့အတွက် အိန္ဒိယကို နောက်ထပ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ထပ်တိုးကောက်ခံတဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်တရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ပြန်လိုက်ပါတယ်။

မူလသတ်မှတ်ထားတဲ့ ၂၅ ရာခိုင်နှုန်းပေါ် ထပ်တိုးတာဖြစ်တဲ့အတွက် စုစုပေါင်း ၅၀ ရာခိုင်နှုန်းအထိ ရှိလာပြီး အမေရိကန်က ကောက်တဲ့အထဲမှာ အမြင့်ဆုံးနှုန်း ဖြစ်လာပါတယ်။

ဒီစည်းကြပ်ခွန်အသစ်ဟာ ၂၁ ရက်အတွင်း အသက်ဝင်မှာဖြစ်တဲ့အတွက် သြဂုတ် ၂၇ ရက်မှာ စတင်အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

အဲဒီအပေါ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီစည်းကြပ်ခွန်ဟာ “တရားမမျှတ၊ ကျိုးကြောင်းမဆီလျော်ဘူး” လို့ တုံ့ပြန်ခဲ့ပြီးသားဖြစ်တယ်လို့ ထပ်မံကြေညာပါတယ်။ နိုင်ငံ့အကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်သမျှ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယက ရုရှားဆီက ရေနံဝယ်ယူနေတာဟာ ယူကရိန်းအရေးမှာ ရုရှားကို တန်ပြန်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ အိမ်ဖြူတော်က အကြောင်းပြချက်ပေးထားပါတယ်။

တရုတ်ကလည်း ရုရှားရေနံဝယ်နေတဲ့အတွက် အလားတူကောက်ခံမှုမျိုး ရှိလာနိုင်တယ်လို့ ထရမ့်ပ်က နောက်ပိုင်းမှာ သီးခြားမှတ်ချက်ပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024