
ရုရှားရေနံဝယ်ယူမှုကြောင့် “သိသိသာသာ” အခွန်တိုးကောက်မယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ပ်ရဲ့ ခြိမ်းခြောက်မှုဟာ “တရားမျှတမှုမရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိဘူး” ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ပါတယ်။
“ရုရှားရဲ့ စစ်ယန္တရားကြောင့် ယူကရိန်းမှာ လူဘယ်လောက်တောင် သေဆုံးနေသလဲ ဆိုတာကို အိန္ဒိယက ဂရုမစိုက်ပါဘူး” လို့ ထရမ့်ပ်က သူပိုင်တဲ့ Truth Social ပေါ်မှာ ပို့စ်တင်ခဲ့တာပါ။
ဒါ့အပြင် “အိန္ဒိယဟာ ရုရှားဆီကနေ ရေနံအမြောက်အမြားကို ဝယ်ယူနေရုံသာမက ဝယ်ယူထားတဲ့ ရေနံအများစုကို ဈေးကွက်ထဲမှာ အမြတ်များများနဲ့ ပြန်ရောင်းချနေတယ်” လို့လည်း စွပ်စွဲထားပါတယ်။
ရုရှားရေနံ အများဆုံးဝယ်ယူနေတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယလည်း ပါဝင်တဲ့အလျောက် မော်စကိုအတွက် အရေးပါတဲ့ ပို့ကုန်ဈေးကွက်တခု ဖြစ်လာခဲ့ပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်မှု စတင်ခဲ့ပြီးနောက် ဥရောပနိုင်ငံတွေရဲ့ ကုန်သွယ်ရေးဖြတ်တောက်မှုကြောင့် ဖြစ်ပါတယ်။
အဲဒီနောက် ထရမ့်ပ်က အခွန်နှုန်းထားအသစ် ဘယ်လောက်ထပ်မြှင့်မယ် ဆိုတာကို အတိအကျ ထုတ်ပြောတာမျိုး မရှိပေမဲ့လည်း အိန္ဒိယအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ဖို့ ကြေညာထားပြီး ဖြစ်ပါတယ်။
အမေရိကန်ကိုယ်တိုင် ရုရှားနဲ့ ကုန်သွယ်မှုတွေ ဆက်ရှိနေချိန်မှာပဲ အခုလိုမျိုး အခွန်တိုးကောက်မယ့် အရေးကြောင့် အိန္ဒိယက သူတို့ရဲ့ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံကို ဝေဖန်ခဲ့ပါတယ်။
ရုရှားအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ အခွန်စည်းကြပ်မှုတွေ ရှိနေပေမဲ့လည်း အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံဖိုး မော်စကိုနဲ့ ကုန်သွယ်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ ကတော့ ပြည်တွင်းအခြေစိုက် ရေနံချက်လုပ်ငန်းတွေကို ရုရှားရေနံဝယ်ယူမှု ရပ်တန့်ဖို့အတွက် ညွှန်ကြားတာမျိုး မရှိသေးပါဘူး။
အခုတပတ်ထဲမှာ အမေရိကန်အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် ကလည်း ရုရှားကို သွားရောက်ဖို့ ရှိနေပြီး သမ္မတ ပူတင်နဲ့ တွေ့ဆုံဖို့ မျှော်မှန်းထားပါတယ်။
လာမယ့် သြဂုတ် ၈ ရက် နောက်ဆုံးထားပြီး ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရင် ရုရှားရေနံနဲ့ တခြားပို့ကုန်တွေအပေါ် အခွန်တိုးမြှင့်မယ်ဆိုပြီး ထရမ့်ပ်က ခြိမ်းခြောက်ထားပါတယ်။
Source: Reuters