
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ရုရှားရဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ဩဂုတ် ၈ ရက်နေ့ နောက်ဆုံးထားပြီး သဘောတူညီချက်တခု လိုချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားကြောင်း အမေရိကန်သံတမန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ သံတမန် ဂျွန်ကယ်လေးက “ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းရပါမယ်။ သဘောတူညီချက်လုပ်ဖို့ အချိန်တန်ပါပြီ။ ဒီကိစ္စကို ဩဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထား အပြီးလုပ်ဆောင်ရမယ်လို့ သမ္မတထရမ့်ပ်က ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် အမေရိကန်အနေနဲ့ နောက်ထပ် အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ အဆင်သင့်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းနဲ့ စစ်ပွဲအဆုံးသတ်ရေးမှာ မော်စကိုဘက်က တိုးတက်မှု မပြဘူးဆိုရင် ဒီနေ့ကစပြီး ၁၀ ရက်အတွင်း ရုရှားအပေါ် စည်းကြပ်ခွန်နဲ့ တခြားအရေးယူမှုတွေ စတင်ကျင့်သုံးသွားမယ်လို့ ထရမ့်ပ်က ဇူလိုင် ၂၉ ရက်ကတည်းက သတိပေးခဲ့တာ ဖြစ်ပါတယ်။
ကိယက်ဗ်နဲ့ မော်စကိုတို့ဟာ ဒီနှစ်ထဲ အစ္စတန်ဘူလ်မြို့မှာ ဆွေးနွေးပွဲ ၃ ကြိမ်လုပ်ခဲ့ပြီး သုံ့ပန်းတွေနဲ့ ရုပ်အလောင်းတွေ လဲလှယ်နိုင်ခဲ့ပေမဲ့ ၃ နှစ်ကျော်စစ်ပွဲ ရပ်စဲဖို့တော့ သဘောမတူနိုင်ခဲ့ပါဘူး။
ရုရှားရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုတိယသံအမတ်ကြီး ဒီမီထရီ ပိုလီယန်းစကီးက“အစ္စတန်ဘူလ်မှာ ဆွေးနွေးပွဲတွေ လုပ်နေပေမဲ့ အနောက်နိုင်ငံတွေမှာတော့ စစ်ကိုလိုလားတဲ့ အုပ်စုက ပျောက်မသွားပါဘူး။ သံတမန်ရေးရာဆိုတာ ရုရှားကို ဝေဖန်ပြီး ဖိအားပေးဖို့ နည်းလမ်းတခုပဲလို့ ထင်တဲ့သူတွေရဲ့ အသံတွေကို ကျနော်တို့ ဆက်ကြားနေရပါတယ်” လို့ တုံ့ပြန်ပါတယ်။
ယူကရိန်းရဲ့ ကုလသမဂ္ဂ ဒုတိယသံအမတ်ကြီး ခရစ္စတီးနား ဟေယိုဗီရှင်း ကတော့ ရုရှားကို “စည်းလုံးညီညွတ်မှု၊ ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုနဲ့ လက်တွေ့လုပ်ဆောင်မှု” တွေနဲ့ ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။
“ကျမတို့ဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ အခြေခံမူတွေပေါ်မှာ တည်ဆောက်ထားတဲ့ ဘက်စုံပြည့်စုံပြီး တရားမျှတတဲ့၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒီထက်မလျော့ပါဘူး။ ထပ်ပြောချင်တာက အလုံးစုံ၊ ချက်ချင်းနဲ့ ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေးဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါဟာ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို ရပ်တန့်ဖို့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်” လို့ ယူကရိန်းသံတမန်က ပြောကြားခဲ့ပါတယ်။
Source: Reuters