Home
နိုင်ငံတကာ
သက်ငယ်မုဒိမ်း မှတ်တမ်းတွင် ထရမ့်ပ်အမည်ပါသည့်သတင်း အိမ်ဖြူတော်ဝေဖန်
DVB
·
July 25, 2025
Photo :Reuters

ကလေးသူငယ်လိင်ပိုင်းဆိုင်ရာပြစ်မှုများစွာ ကျူးလွန်သူ ဂျက်ဖရီအက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ တရားရေးဌာန စာရွက်စာတမ်းတွေမှာ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ပ် ရဲ့ နာမည်ပါဝင်တယ်ဆိုတဲ့ သတင်းတွေကို အိမ်ဖြူတော်က ဝေဖန်လိုက်ပါတယ်။  

ဒါတွေဟာ ဒီမိုကရက်တွေနဲ့ မီဒီယာတွေက ဖန်တီးထားတဲ့ "သတင်းတု" တွေသာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။  

တဖက်မှာလည်း  တရားသူကြီးတယောက်က  အက်ပ်စတိန်းရဲ့ ဖလော်ရီဒါပြည်နယ် တရားရုံး မှတ်တမ်းတွေကို အများပြည်သူသိအောင်ချပြဖို့ တောင်းဆိုချက်ကို လျှို့ဝှက်ထားရမယ့် စည်းမျဉ်း တွေ အကြောင်းပြပြီး ပယ်ချခဲ့ပါတယ်။ 

ချမ်းသာတဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲသူ ဂျက်ဖရီအက်ပ်စတိန်းဟာ သူ့ဩဇာနဲ့ အဆက်အသွယ်တွေ အသုံးချပြီးတော့ သက်မပြည့်သေးတဲ့ မိန်းကလေးတွေပါဝင်တဲ့ လိင်ကုန်ကူးမှုကြီးကို စီမံခဲ့သူဖြစ်ပါတယ်။

ထောင်ထဲမှာ ရှိနေချိန်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်လို့ ဆိုပေမဲ့ ပတ်သက်နေတဲ့ နာမည်ကျော်တွေကိစ္စပေါ်ပေါက်မှာစိုးလို့ လက်စဖျောက်လိုက်တာလို့ ယူဆကြသူတွေရှိနေပါတယ်။

Wall Street Journal သတင်းစာကတော့ အက်ပ်စတိန်းမှတ်တမ်းတွေထဲမှာ ထရမ့်ပ်ရဲ့နာမည် အကြိမ်ပေါင်းများစွာ ပါဝင်တယ်လို့ ဖော်ပြခဲ့ပေမဲ့ ဒီလိုနာမည်ပါတာနဲ့ပဲ ပြစ်မှုကျူးလွန်တယ် ဆိုတဲ့ သက်သေတော့ မဟုတ်ပါဘူး။ 

ရှေ့နေချုပ် ပမ်ဘွန်ဒီကလည်း ဒီဖိုင်တွေထဲမှာ ထရမ့်ပ်အပါအဝင် လူအများကြီးအကြောင်း တဆင့်စကားတွေနဲ့ ထိလွယ်ရှလွယ်တဲ့ အချက်အလက်တွေပဲ ပါတယ်လို့ ထရမ့်ပ်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ 

အမည်မဖော်လိုတဲ့ အိမ်ဖြူတော်အရာရှိ တယောက်ကတော့ ထရမ့်ပ်နာမည်ပါတာကို မငြင်းခဲ့ပါဘူး။ ထရမ့်ပ်နဲ့ အက်ပ်စတိန်းဟာ ၂၀၀၄ ခုနှစ်မှာ ခွာမပြဲမီအထိ အင်မတန် ရင်းနှီးခဲ့ကြသူတွေ ဖြစ်ပါတယ်။

အက်ပ်စ်တိန်းရဲ့ မှတ်တမ်းတွေထဲမှာ ကလေးသူငယ် ညစ်ညမ်းမှတ်တမ်းတွေနဲ့ ထိခိုက်ခံစားခဲ့ရသူ တွေရဲ့ အချက်အလက်တွေ ပါဝင်တာကြောင့် မဖွင့်ချသင့်ဘူးလို့ပါ ဘွန်ဒီက သမ္မတကို တင်ပြတယ်လို့ Wall Street Journal က ဖော်ပြပါတယ်။ 

ရှေ့နေချုပ် ဘွန်ဒီက အရင်က နာမည်တွေ အများကြီး ဖွင့်ချမယ်လို့ ပြောခဲ့ပေမဲ့ အခုတော့ "ပြစ်မှုကျူးလွန်တဲ့ ဖောက်သည်စာရင်း" မရှိဘူးလို့ ပြောတာကြောင့် ထရမ့်ပ်ထောက်ခံသူတချို့ ဒေါသထွက်နေကြပါတယ်။ 

အခုအချိန်မှာ အက်ပ်စ်တိန်း ကျူးလွန်ဖို့ ကူညီခဲ့တာကြောင့် ထောင်အနှစ် ၂၀ ကျနေတဲ့ လိင်ကုန်ကူးသူ ဂစ်စလိန်း မက်စ်ဝဲလ် အကြောင်းကို အများစိတ်ဝင်စားနေကြပါတယ်။ ဒီအမျိုးသမီးကို လွှတ်တော်မှာ လာရောက်ထွက်ဆိုခိုင်းဖို့ စီစဉ်နေကြပါတယ်။ 

ရီပတ်ဘလစ်ကန်အမတ်တချို့က ဒီမိုကရက်တွေနဲ့ပေါင်းပြီး အက်ပ်စတိန်းရဲ့ ဖိုင်တွေကို ချပြဖို့ အောက်လွှတ်တော် ကော်မတီခွဲမှာ မဲခွဲတောင်းဆိုခဲ့ပါတယ်။ ဒီမိုကရက်တွေကတော့ ထရမ့်ပ်အစိုးရဟာ အဖြစ်မှန်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲနေကြပါတယ်။

Source:Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024