
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာက အသက် ၁၅ နှစ် အရွယ် မိန်းကလေးငယ်တယောက်ကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်တယောက်က အဓမ္မပြုကျင့်ခဲ့ပြီး အရပ်ကတိုင်ကြပေမဲ့ စစ်ကောင်စီရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူတာ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ရွာသစ်ကျေးရွာက ဟိန်းမင်းသူ(ခ)ကုလားလေးဆိုသူက ရွာသစ်ကျေးရွာနေ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ်ကို ဇူလိုင် ၁၇ ရက်က ကျေးရွာ ဘုန်းတော်ကြီးကျောင်းရဲ့ဘေး၊ စာသင်ကျောင်းအိမ်သာထဲကိုခေါ်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိသူတယောက်က “အဓမ္မပြုကျင့်ခံရတဲ့နေ့က ချက်ချင်းဖြစ်တဲ့နေ့ ပြန်မပြောဘူး။ နောက်နေ့မှ ပြန်ပြောလို့ မိသားစုကသိသွားတာ။ မျက်မြင်တွေ့သူတွေလည်း တွေ့ကြတယ်။ ကောင်မလေးက သိပ်ခေါင်းမကောင်းဘူး၊ ကျပ်မပြည့်တာပေါ့နော်။ ရူးနေတာမဟုတ်ဘူး။ အကုန်သိတယ်။ တိုင်တာကို ရဲစခန်းကအရေးမယူတာလို့” လို့ ပြောပါတယ်။
မိသားစုနဲ့ ရပ်ရွာထဲက အသိသက်သေတွေစုပေါင်းပြီး ကန်ကြီးထောင့်မြို့နယ် ရဲခန်းကို တိုင်ကြားပေမဲ့ ရဲစခန်းတာဝန်ရှိသူတွေက အမျိုးသမီးငယ်ဟာ ကျပ်မပြည့်တာကြောင့် ဟိန်းမင်းသူက တာဝန်ယူမှာမဟုတ်တဲ့အတွက် အမျိုးသမီးငယ်ကို ကိုယ်ဝန်ရှိ၊ မရှိ ၆ လ အထိ စောင့်ကြည့်ပြီး စောင့်ကြည့်မယ့်ကာလအတွင်း ၁ လကျပ် ၅ သောင်း ထောက်ပံ့ပေးပြီး ၆ လအတွင်း ကိုယ်ဝန်မရှိရင် ပုံမှန်အတိုင်း ပြန်လည်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ထောက်ပံ့ငွေကို ဟိန်းမင်းသူတို့ဘက်ကပေးရမှာဖြစ်ပြီး ရွာအုပ်ချုပ်ရေးမှူးက ဒါနဲ့ပတ်သက်ပြီး စီစဉ်ပေးရမယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ရဲစခန်းက ပြည်သူ့စစ် ဟိန်းမင်းသူကို ခဏပဲမေးစစ်ပြီး ပြန်လွှတ်ပေးလိုက်တာ။ ရဲစခန်းက လာတိုင်တဲ့သူတွေကို ကိုယ်ဝန်ရှိတဲ့အထိ စောင့်ကြည့်မယ်ပေါ့ ပြောတာ။ ကလေးမလေးက ကျပ်မပြည့်လို့ အစစ်ဆေးခံတဲ့အခါ ကောင်းမွန်စွာမပြောတတ်လို့ ဒီလို ဆုံးဖြတ်တာတဲ့။ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးမိသားစုက နွမ်းပါးတယ်” လို့ ပြောပါတယ်။
အဓမ္မပြုကျင့်တယ်ဆိုတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဟိန်းမင်းသူဟာ တခြားအမျိုးသမီး တချို့ကိုလည်း အခုလိုကျူးလွန်ခဲ့ဖူးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့ အဆင်ပြေသူဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူ့ရဲ့ဖခင် ရဲလေးကလည်း စစ်ကောင်စီတပ်နဲ့ ရင်းနှီးသူဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တယ်လို့ သိရပါတယ်။