Home
မြန်မာသတင်း
ကန်ကြီးထောင့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ဓားခုတ်ခံရပြီး သေဆုံး
DVB
·
September 3, 2024
Photo - MMK

စစ်မှုထမ်းဥပဒေနဲ့ အရပ်သားတွေအပေါ် ဖိအားပေး ငွေကောက် စည်းရုံးနေတဲ့ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်တိုက်နယ်၊ အောက်တံခွန်တိုင် ကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စက်တင်ဘာ ၂ ရက် ညပိုင်းက ဓားခုတ်ခံရလို့ သေဆုံးခဲ့ပြီး သူ့အမျိုးသမီးလည်း ပြင်းထန်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓားနဲ့အခုတ်ခံရတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမှာ ဦးအောင်နိုင် ဖြစ်ပြီး နေအိမ်ထဲမှာ ရှိနေတဲ့အချိန် တရွာထဲနေထိုင်သူ ကိုဆန်းလင်းက ဓားနဲ့ ဝင်ခုတ်တာကြောင့် သေဆုံးခဲ့ပြီး ဝင်ဆွဲတဲ့ အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူ ဒေါ်မိမိုးလည်း ပြင်းဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာ ဒေသခံတယောက်က “မနေ့က ဖြစ်တာ။ စစ်မှုထမ်းကိစ္စနဲ့ ဖြစ်တာလို့ သိရတယ်။ အုပ်ကြီးက စစ်မှုမထမ်းချင်ရင် သိန်း ၁၀၀ တောင်းတာတဲ့။ မပေးနိုင်ဘူး မပေးဘူး ပြောတော့ စကားများပြီး ရန်ဖြစ်တာ။ ဆန်းလင်းက အုပ်ကြီးကို ဓားနဲ့ခုတ်ချလိုက်တာ တခါတည်း ပွဲချင်းပြီးပဲ” လို့ ပြောပါတယ်။

ဓားနဲ့ခုတ်ခံရတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဟာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သူ့နေအိမ်မှာပဲ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူက မေးစိ၊ နားရွက်၊ လက်တွေမှာ ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ကာ ကျိုက်လတ် တိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဓားခုတ်တဲ့သူက ဒီရွာသားပါပဲ။ အခုတ်ခံရတဲ့ အုပ်ကြီးက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူလေ။ သူက ပြည်သူအများစုနဲ့ သိပ်အဆင်ပြေတာမဟုတ်ဘူး။ အုပ်ကြီး အမျိုးသမီးကလည်း ခပ်ဆိုးဆိုး။ အခု အုပ်ကြီးမိန်းမက ဆေးရုံမှာ။ ဒဏ်ရာတွေ တော်တော်ပြင်းတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ဓားနဲ့ခုတ်သတ်ခဲ့တဲ့ ကိုဆန်းလင်း ဆိုသူကို ကျေးရွာ ပြည်သူ့စစ်တွေ၊ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကျေးရွာထဲမှာ စက်တင်ဘာ ၂ ရက်ကနေ ၃ ရက် မနက်ပိုင်းအထိ လိုက်လံ ပိတ်ဆို့ရှာဖွေ စစ်ဆေးနေတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဟာ စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက် ဒေသခံတွေကို စစ်တပ်ထဲ အတင်းအဓမ္မ ခေါ်ယူပေးခဲ့တာတွေ ရှိခဲ့တဲ့အပြင် စစ်တပ်က စစ်မှုထမ်းဥပဒေအရ အသက်ကျော်လွန်သူ အမျိုးသားတွေကို ထည့်သွင်းအသုံးပြုခိုင်းတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းဖို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ဒေသခံတွေကို ဖိအားပေးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013