Home
မြန်မာသတင်း
ရာထူးက ဖယ်ရှားခံရသည့် ဧရာဝတီတိုင်း နယ်/လုံဝန်ကြီး အပါအဝင် ၃ ဦး စစ်ဆေးခံနေရ
DVB
·
August 5, 2025
Photo: NN

စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ကနေ ဖယ်ရှားခံရတဲ့ နယ်/လုံဝန်ကြီး မိုးမင်းနိုင်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့ လာဘ်ပေးလာဘ်ယူမှုကိစ္စနဲ့ စစ်ဆေးခံရတယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (စစ်ကောင်စီ) က အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့ နယ်/လုံဝန်ကြီး မိုးမင်းနိုင်ကို ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် မိုးမင်းနိုင် အပါအဝင် ၃ ယောက် လာဘ်စားမှုနဲ့ စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူက “မိုးမင်းနိုင်နဲ့ ညွှန်ကြားရေးမှူးတွေ အပါအဝင် ၃ ယောက် စစ်ဆေးခံနေရတာလို့ သိရပါတယ်။ အသစ်ဖွဲ့ထားတဲ့ တိုင်းအစိုးရအဖွဲ့မှာ မိုးမင်းနိုင် တယောက်ပဲ ဖယ်ရှားခံရတာ။ လာဘ်ပေးလာဘ်ယူကိစ္စတွေ ရှိတာကို ရာထူးကနေ ရုတ်တရက် ရပ်ဆိုင်းရင် မကောင်းတော့ ၆ လအတွက် အပြောင်းအရွှေ့မှာ ထည့်ပြီး အခုတော့ စစ်ဆေးနေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း နယ်/လုံဝန်ကြီး မိုးမင်းနိုင် အပါအဝင် ၃ ယောက်ကို ဗဟိုအဆင့် အရာရှိတယောက်နဲ့ စစ်ဖက်ရေးရာလုံခြုံရေး စရဖက စစ်ဆေးနေတာဖြစ်ပြီး နောက်ထပ် နယ်/လုံဘက်က ဝန်ထမ်းနဲ့ တပ်အရာရှိတွေပါ စစ်ဆေးခံရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

စစ်ဆေးခံရတဲ့သူတွေနဲ့ နီးစပ်သူက “လတ်တလော သိရတာတော့ တိုင်းစည်ပင်ညွှန်မှူးနေရာ လိုချင်တဲ့သူတယောက်က မိုးမင်းနိုင်ကို ငွေအများအပြား လာဘ်ထိုးပြီး အကူအညီတောင်းတဲ့ကိစ္စ အပါအဝင် ကိစ္စတော်တော်များများမှာ လာဘ်စားတာတွေရှိလို့ စစ်ဆေးခံနေရတာပေါ့။ ဆက်စပ်သူတွေပါ စစ်ဆေးနေတာလို့ ပြောတာပါပဲ” လို့ ပြောပါတယ်။

အစိုးရအဖွဲ့ကနေ ဖယ်ရှားခံရပြီး အခု စစ်ဆေးခံနေရတဲ့ နယ်/လုံဝန်ကြီး မိုးမင်းနိုင်ဟာ စစ်မှုထမ်းနဲ့ တပ်ပိုင်မြေ၊ စက်သုံးဆီတင်သွင်းတဲ့ ကိစ္စတွေမှာလည်း လာဘ်စားမှုတွေရှိတယ်လို့ တိုင်းအစိုးရအဖွဲ့ နီးစပ်သူဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024