
စစ်ခေါင်းဆောင်က ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့က နယ်လုံဝန်ကြီးတွေနဲ့ လူမှုရေး ဝန်ကြီးတွေကို ဇူလိုင် ၃၁ ရက်က ပြောင်းရွှေခန့်ထားလိုက်ပါတယ်။
ကပစစက်ရုံတွေရှိတဲ့ ပန်းတောင်းတပ်နယ်မှာ တိုက်ပွဲတွေဖြစ်တဲ့ချိန်မှာ စစ်ရေးကြိုတင်မပြင်ဘဲ ငွေရတဲ့ ဖွင့်ပွဲတွေ လိုက်တက်နေတဲ့အတွက် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်ကို ဖြုတ်ပစ်ပြီး ဗိုလ်မှူးကြီး ညီလန်းချိုကို အစားထိုး ခန့်ထားခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“အခုခန့်လိုက်တဲ့ ရွှေကျင်က နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ညီလန်းချိုက ပိုဆိုးတယ်။ ရွှေကျင်မှာ ရေကြီးတော့ နိုင်ငံတော်က ရေဘေးသင့်တွေကို ထောက်ပံငွေပေးတယ်၊ သူကမပေးဘဲ ရေဘေးသင့်တွေကို ထမင်းချက်ကျွေးပြီး အဲပိုက်ဆံယူပစ်တာ။”
ပဲခူတိုင်းက နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်အပြင် လူမှုရေးဝန်ကြီး ဦးအောင်မင်းကိုလည်း တာဝန်ကအနားပေးပြီး ဦးမျိုးအောင်ကို အစားထိုးခန့်ထားခဲ့ပါတယ်။
ဧရာဝတီက တပ်ရင်းတပ်ဖွဲ့တိုက်ခံရတဲ့ကိစွနဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်ကိုလည်း တာဝန်မှအနားပေးကာ ဗိုလ်မှူးကြီး ခန့်မွန်ဆွေကို ခန့်ထားခဲ့တယ်လို့ ဆိုပါတယ်။
“ဧရာဝတီကိုရောက်လာတဲ့ နယ်လုံဝန်ကြီးတိုင်း ချမ်းသာသွားကြတာများတယ်။ အာဏာသိမ်းပြီး ရောက်လာတဲ့ ဗိုလ်မှူးကြီးကျော်စွာလှိုင်လည်း ထားစရာမရှိအောင် ချမ်းသာသွားမှဖြုတ်ပစ်တာ။ အခုဖြုတ်လိုက်တဲ့ နယ်လုံဝန်ကြီးလည်း ချမ်းသာမှပြောင်းတာပါ” တိုင်းအစိုးရနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
အလားတူပင် လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကိုလည်း တာဝန်ကအနားပေးပြီး ဦးခင်မောင်ကြည်ကို အစားထိုးခန့်ထားခဲ့ပါတယ်။
ဇူလိုင် ၃၁ ရက်က အသစ်ဖွဲ့စည်းထားတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ ပြန်လည်ဖွဲ့စည်းရာမှာ ဥပဒေချုပ်တွေအကုန်လုံးကို တာဝန်ကနေ အနားပေးခဲ့ပါတယ်။